တိုင်ဖွန်းမုန်တိုင်း ဝီဖာ ချဉ်းကပ်လာတဲ့နောက် ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ဗီယက်နမ်က ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။
ဝီဖာဟာ ဗီယက်နမ်မြောက်ပိုင်း ကမ်းရိုးတန်းဆီ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ အရှေ့ကနေ အနောက်ကို တရွေ့ရွေ့ ဦးတည်လာနေတာ ဖြစ်ပါတယ်။ ဗီယက်နမ် အစိုးရဟာ စစ်သားအင်အား ၃၅၀၀၀၀ လောက်ကို လိုအပ်တဲ့ အကူအညီ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ကြိုတင် တပ်လှန့်ထားပါတယ်။
ဗီယက်နမ် မိုးလေဝသ ဌာနကလည်း ဝီဖာကြောင့် မိုးရေချိန် ၅၀ စင်တီမီတာလောက်ထိ သည်းသည်းမည်းမည်း ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံလာနိုင်တယ်လို့ သတိပေးထားပါတယ်။ ပြီးတော့ မုန်တိုင်း ဖြတ်သန်းနိုင်တဲ့ ဒေသတွေက ရေကြီးနိုင်တဲ့ မြေနိမ့်ပိုင်း ဧရိယာတွေမှာ နေထိုင်သူတွေကိုလည်း ကြိုတင် ရွှေ့ပြောင်းဖို့ ဆော်ဩထားပါတယ်။

ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းထိ အခြေအနေအရ ဝီဖာဟာ ဟိုင်ဖောင်မြို့ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရှိနေပြီး ဗီယက်နမ် ကမ်းရိုးဖက်ဆီ တစ်နာရီကို ၁၅ ကီလိုမီတာ နှုန်းလောက်နဲ့ ရွေ့လျားလာနေပါတယ်။ မုန်တိုင်းဟာ ဟွမ်ယန်းနဲ့ နင်ဘင်း ဒေသ တစ်ခုခုကနေ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ပြီးရင် အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့် အားပျော့ပြီး တဖြည်းဖြည်း ပျက်ပြယ်သွားမယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement
ဝီဖာဟာ ဟောင်ကောင်နဲ့ မကာအိုတို့ကိုလည်း ဖြတ်သန်းခဲ့ပြီး ထိခိုက်ပျက်စီးမှု တချို့ ဖြစ်ပေါ်စေခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဗီယက်နမ်ရဲ့ စက်မှုလုပ်ငန်း ဇုန်နယ်မြေ တစ်ခုဖြစ်ပြီး အချက်အခြာကျတဲ့ ဆိပ်ကမ်းတွေ တည်ရှိရာ ဟိုင်ဖောင်မြို့မှာတော့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းထိ မိုးနည်းနည်းရွာ၊ လေနည်းနည်းတိုက်တဲ့ အဆင့်မျိုးပဲ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်ချင်းကတော့ မုန်တိုင်းဝင်ရောက်မယ့် ကမ်းရိုးတန်း ဧရိယာတွေမှာ အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဇူလိုင် ၂၀ ကတည်းက အမိန့်ပေးထားပြီး ရေကြီးမှု၊ မြေပြိုမှု အန္တရာယ်တွေ ဖြစ်နိုင်ခြေကိုလည်း သတိပေးထားပါတယ်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူနေတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့ ဗီယက်နမ်ဟာ နှစ်စဉ် မုတ်သုံရာသီရောက်တိုင်း တိုင်ဖွန်းမုန်တိုင်းတွေရဲ့ ဒဏ်ကို ခံစားနေရကျ ဖြစ်ပါတယ်။ မနှစ်တုန်းက ဗီယက်နမ်မှာ တိုင်ဖွန်းယာဂီ ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတန်ဖိုးက ဒေါ်လာ ၃.၄၅ ဘီလီယံလောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters
