close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မာတင်လူသာကင်း ဂျူနီယာအကြောင်း မှတ်တမ်းဖိုင်တွေကို အမေရိကန် ထုတ်ပြန်

လုပ်ကြံ ခံခဲ့ရတဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မာတင် လူသာကင်း ဂျူနီယာအကြောင်း အသေးစိတ် မှတ်တမ်းဖိုင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ထုတ်ပြန် ဖွင့်ချလိုက်ပါတယ်။

AP

လုပ်ကြံ ခံခဲ့ရတဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မာတင် လူသာကင်း ဂျူနီယာအကြောင်း အသေးစိတ် မှတ်တမ်းဖိုင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ထုတ်ပြန် ဖွင့်ချလိုက်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က စာမျက်နှာ စုစုပေါင်း ၂၃၀၀၀ လောက်ရှိတဲ့ ဖိုင်တွေ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)က စုဆောင်း သိမ်းဆည်းထားတဲ့ အချက်အလက်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ဖိုင်တွေကို ၁၉၇၇ ခုနှစ်ကစလို့ လူအများ ကြည့်ရှုခွင့်ကို ပိတ်ပင်ထားခဲ့သလို ဖိုင်တွေ ဖွင့်ချမယ့် ကိစ္စကိုလည်း ကင်းရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေထဲက ထင်ရှားသူ တချို့က ကန့်ကွက်ခဲ့ပါသေးတယ်။ ဖိုင်တွေကို တရားဝင် ဖွင့်မချခင် သူ့ရဲ့ သားနှစ်ယောက်က ကြေညာချက် ထုတ်ပြန်ရာမှာ အဲဒီ ဖိုင်တွေကို မလျော်မကန် အသုံးချမှုတွေ ရှိလာရင် ဖခင်ဖြစ်သူ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို ဖျက်လိုဖျက်ဆီးပြုရာ ရောက်နိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် သမိုင်းမှာ လုပ်ကြံခံရတဲ့ နိုင်ငံရေးဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ကင်းနဲ့ အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီတို့ရဲ့ ဖိုင်တွေကို ပြည်သူဆီ ထုတ်ပြန် ပြသမယ် ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ် ကတိတွေထဲက တစ်ခု ဖြစ်ခဲ့သလို ကနေဒီရဲ့ မှတ်တမ်းဖိုင်တွေကိုလည်း ထုတ်ပြန်စေခဲ့ပြီး ဖြစ်ပါတယ်။

နှစ်ချင်း ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး တွေးခေါ်ပညာရှင် တစ်ဦးဖြစ်တဲ့ ကင်းဟာ ၁၉၆၈ ခုနှစ်၊ ဧပြီ ၄ ရက်နေ့က ပစ်ခတ် လုပ်ကြံ ခံရပြီး အသက် ၃၉ နှစ် အရွယ်မှာ သေဆုံးခဲ့ပါတယ်။ ဒုစရိုက် လုပ်ငန်းတွေနဲ့ အသက်မွေးတဲ့ ဂျိမ်းစ်အားလ်ရေးက အဲဒီ လုပ်ကြံမှုကို သူကျူးလွန်ခဲ့တယ်လို့ အစောပိုင်းမှာ ထွက်ဆိုခဲ့ပေမယ့် နောက်တော့ ထွက်ဆိုချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၉ တုန်းက ကလေးတွေကို လိင်ကျွန်အဖြစ် လူမှောင်ခိုမှုအတွက် တရားစွဲဆို ခံထားရရင်း အကျဉ်းခန်းထဲမှာ သေကြောင်းကြံသွားခဲ့သူ ဂျက်ဖရီ အပ်စတိန်းနဲ့ ပတ်သက်တဲ့ အမှုစစ်ဆေးချက် ဖိုင်တွေကို လူသိရှင်ကြား ဖွင့်ချဖို့ တောင်းဆိုမှုတွေ မြင့်တက်နေချိန်မှာ ထရမ့်ရဲ့ အစိုးရက ကင်းရဲ့ ဖိုင်တွေနဲ့ အာရုံလွှဲတာမျိုး ဖြစ်နေကြောင်း ဝေဖန်သူတွေလည်း ရှိနေပါတယ်။ အဲဒီ ဖိုင်တွေထဲမှာ ထရမ့် သမ္မတ မဖြစ်ခင် ကာလတွေတုန်းက အပ်စတိန်းနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ပါဝင်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပြီး ထရမ့်ကတော့ အဲဒီအမှုနဲ့ ကင်းကင်းနေဖို့ ကြိုးစားနေပါတယ်။

ဇန်နရီလတုန်းက ထရမ့်ဟာ ကင်းနဲ့ သမ္မတဟောင်း ကနေဒီတို့ရဲ့ မှတ်တမ်းဖိုင်တွေ၊ ပြီးတော့ ရှေ့နေချုပ်ဟောင်း ရောဘတ်အက်ဖ် ကနေဒီ လုပ်ကြံခံရမှု စစ်ဆေးချက် ဖိုင်တွေကို ဖွင့်ချဖို့ အမိန့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ကင်းနဲ့ ပတ်သက်တဲ့ ဖိုင်တွေကို ထုတ်ပြန်ခဲ့တဲ့နောက် အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (DNI)က နိုင်ငံအနှံ့ ဖက်ဒရယ် အစိုးရ ဌာန အသီးသီးမှာ ဖုံအလိမ်းလိမ်းနဲ့ သိမ်းဆည်းခံထားရတဲ့ အကြောင်းအရာတွေကို စနစ်တကျ ပြန်လည် ဖော်ထုတ်လိုက်နိုင်တာ ဖြစ်တယ်လို့ ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီမှတ်တမ်းတွေကို FBI၊ တရားရေး ဝန်ကြီးဌာန၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)နဲ့ အမျိုးသား မော်ကွန်းတိုက်တို့က စုပေါင်း သိုမှီးထားခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ကင်းရဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်း အားလုံးက စိတ်ပျက်နေတာမျိုးတော့ မဟုတ်ပါဘူး။ တချို့ကလည်း ထရမ့်ဟာ ကတိပေးထားတဲ့အတိုင်း ပွင့်လင်းမြင်သာမှု ဖြစ်စေဖို့ လုပ်ဆောင်ပေးခဲ့တဲ့အတွက် အသိအမှတ်ပြု ကျေးဇူးတင်တယ် ဆိုတာမျိုး ပြောကြပါတယ်။

ကင်းကို လုပ်ကြံခဲ့ကြောင်း စွပ်စွဲခံရသူ ရေးဟာ ကနေဒါ၊ ပေါ်တူဂီ၊ ဗြိတိန်နိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေခဲ့ပြီး ဗြိတိန်မှာ ဘဏ်တစ်ခုကိုတောင် စီးနင်းခဲ့ပါသေးတယ်။ သူ့ကို ဖမ်းမိပြီးတဲ့ အချိန်မှာတော့ အမေရိကန်ကို ပြန်ပို့ပြီး ၁၉၆၉ ခုနှစ်မှာ ထောင်ဒဏ် ၉၉ နှစ် ချမှတ် ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူက တကယ်တမ်း အပြစ်ရှိသူ မဟုတ်ဘဲ နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ အကွက်ဆင်တာ ခံခဲ့ရတာပါလို့ ပြောင်းလဲ ထွက်ဆိုပြီး စီရင်ချက်ကို တရားရေးအရ စိန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံး အဆင့်ဆင့်က ပြစ်ဒဏ်ကို ဆက်လက် အတည်ပြုခဲ့ပြီး ၁၉၉၈ ခုနှစ်၊ အသက် ၇၀ အရွယ်မှာ ရေး ကွယ်လွန်သွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ဗြိတိန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး နှစ်စီးဟာ ဩစတြေးလျ ကမ်းလွန်ရေပြင်မှာ စစ်ရေး လေ့ကျင့်မှုအတွက် ပူးပေါင်းခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ် အလယ်ပိုင်းမှာ ရေကြီးတုန်းက ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (FEMA)ဟာ အရေးတကြီး ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ အရေအတွက် ထောင်နဲ့ချီပြီ ပြန်မဖြေနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

ဗုံးကြဲဖျက်ဆီးတာ ခံခဲ့ရတဲ့ သန့်စင်လက်စ ယူရေနီယမ် တချို့တလေကို အီရန်က ပြန်ရသွားပေမယ့် နျူကလီးယား သုတေသန လုပ်ငန်း လည်ပတ်မှုတွေ အားလုံးကတော့ ရပ်တန့်သွားပြီလို့ အစ္စရေးက ပြောပါတယ်။

Facebook