ဇူလိုင်-၂၂ ၊၂၀၂၅။ရဲခေါင်၊ဟန်နွေ/People’s Spring
မန္တလေးမြို့မှဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ထီးချိုင့်မြို့ကို ရောက်ရှိလာပြီဖြစ်၍ ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းဘေးရှိပြည်သူများ အရေးပေါ် ပြောင်းရွေ့ကြရန် ဗန်းမော်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)က ယနေ့(ဇူလိုင်၂၂ရက်) ညပိုင်းတွင် ထုတ်ပြန် သည်။
စစ်သင်္ဘောများတက်လာသည်နှင့်အမျှ လေကြောင်း၊ရေကြောင်းတိုက်ခိုက်မှုများ၊တိုက်ပွဲများဖြစ်ပွား လာမည်ဟုလည်း အသိပေးသည်။
“ငါးချောင်းဒေါင့်ရွာအနီး ညအိပ်ပါတယ်။၁၀ စီး လောက်ရှိမယ်”ဟု ထီးချိုင့်မြို့နယ်စစ်ရေးသတင်း ရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement
စစ်သင်္ဘောများသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှတဆင့် ကသာ၊ရွှေကူမြို့နယ်ကိုဖြတ်ရဦးမည်ဖြစ်သည်။
“အချိန်ကတော့ တကယ်ဆို နှစ်ရက်ပါပဲ။ဒါပေမယ့် အခြေအနေပေါ်မူတည်ပါတယ်”ဟုစစ်သင်္ဘောများ ဗန်းမော်မြို့သို့ရောက်ရှိနိုင်မည့်ကာလကို စစ်ကိုင်းတိုင်း အထက်ပိုင်းမှ စစ်ရေးကင်းထောက်တစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုတွင် သံချပ်ကာယာဥ် တချို့၊ခဲယမ်းနှင့် စားနပ်ရိက္ခာများပါရှိသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိစစ်ရေးအခြေအနေကြောင့် မြစ်ကမ်းနားတစ်လျှောက် သွားလာခြင်း၊ပွဲလမ်သဘင်ကျင်းပခြင်း၊လူစုလူဝေး မပြုလုပ်ရန်၊စစ် သင်္ဘောများစုန်၊ဆန်ခြင်း ကင်းပြီးမှသာ နေရပ်သို့ပြန်လည်နေထိုင်ရန် အပါအဝင် စစ်ရေးသတိမူရန် ဗန်းမော်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းသည်။
ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော (၁၇)စီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှုဖြင့် ဧရာဝတီစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ မီးလောင်းပျက်စီးကာ ၁စီး နစ်မြှုပ်ခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၂ရက် ညတွင် ထုတ်ပြန်သည်။
တိုက်ခိုက်မှုအတွင်း ရန်သူစစ်ကောင်စီ တပ်သား (၅) ဦးသေဆုံးပြီး (၂၁) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ဟုဆိုသည်။

စစ်သင်္ဘော (၁၇)စီးတိုက်ခိုက်မှုကို မန္တလေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှူဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (၅၀၉) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းများ၊ မိုးကုတ်ဗျုဟာ၊ သပိတ်ကျင်းတိုက်နယ်(ပကဖ)၊ မြိုင်မြို့နယ်(ပကဖ)၊ မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်များက ဧရာဝတီပူးပေါင်းစစ်ကြောင်း အဖြစ် စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် စစ်သင်္ဘောများတိုက်ခိုက်မှု ရုပ်သံမှတ်တမ်းတွင် လေကြောင်းဖြင့် စောင့်ရှောက်မှု ပေးထားသည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုကို တော်လှန်ရေးရဲဘော်များက စောင့်ကြိုတိုက်ခိုက်မှုကို ပြသထားသည်။
“ရယ်ဒီလုပ်ထား ရယ်ဒီလုပ်ထား၊ လုံး၀ အကောင်းဆုံးပုံစံနော်”ဟု တော်လှန်ရေးရဲဘော်များ၏ ပြောဆိုသံ ကြားရပြီး စစ်သင်္ဘောများ ပစ်ကွင်းသို့ဝင်လာစဉ် ဆွဲ၊ဆွဲဟု အမိန့်ပေးခဲ့ရာ စစ်သင်္ဘောများအနီး ပေါက်ကွဲမှု ၆နေရာခန့် ဖြစ်ပေါ်ခဲ့ပြီး သင်္ဘော ထိမှန်ခဲ့သည်ကို တွေ့ရသည်။
ထို့နောက်တွဲတွန်းသည့်သင်္ဘောတစ်စီးတိမ်းစောင်းပြီးရေထဲတဖြည်းဖြည်းနစ်မြှုပ်စဉ် ယင်းသင်္ဘောမှ စစ်ကောင်စီတပ်သားများအခြားတွဲယာဉ်ပေါ်ထွက်ပြေးနေသည်ကိုတွေ့ရသည်။ တိမ်းစောင်းနေသည့် သင်္ဘော နစ်မြုပ်သွားသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီတပ်က လေယာဉ်၊ ရဟတ်ယာဉ်ဖြင့်လိုက်ပါစောင့်ရှောက်နေသည့် ကြားမှ တော်လှန်ရေးရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနောက်ပွင့်ရိုင်ဖယ်နှင့် စက်သေနတ်ကြီးများ အသုံးပြု တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ထို့ပြင် စနိုက်ပါအသုံးပြု တိုက်ခိုက်ခဲ့သည်ကိုလည်းတွေ့ရသည်။
၂၀၂၄ ဒီဇင်ဘာကစ၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့ကို စစ်ကူနှင့် လက်နက်ခဲယမ်း၊စားနပ်ရိက္ခာများ ပို့ပေးရန် စစ်သင်္ဘောများသည် မန္တလေးမြို့ ၊ဂေါဝိန်ဆိပ်ကမ်းမှ ယခု ဇူလိုင်၁၇ ရက်က စတင်ထွက်ခွာခဲ့သည်။
သပိတ်ကျင်းမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ သိမ်းခဲ့ပြီး ၂၀၂၄ စက်တင်ဘာနောက်ပိုင်း ဂေါဝိန်-သပိတ်ကျင်း-ထီချိုင့်-ရွှေကူ-ဗန်းမော် ရေလမ်းကြောင်းကို စစ်တပ်က ပထမဆုံးအကြိမ် ပြန်အသုံးပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၄ မိုးရာသီကာလတွင်လည်း ဗန်းမော်မြို့ရှိ စစ်တပ်စခန်းများကို စစ်အင်အားနှင့်စက်လက်နက်ခဲယမ်း၊ ရိက္ခာဖြည့်တင်းရန် ရေကြောင်းကလာသည့် စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်၍ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ဖူးသည်။
၂၀၂၄ စက်တင်ဘာ တတိယပတ်ကတိုက်ခိုက်မှုအတွင်း စစ်ရေယာဥ် ရှစ်စီးခန့် မီးလောင်ပေါက်ကွဲပျက်စီး၊နစ်မြုပ်မှုများဖြစ်ခဲ့သည်။ထို့ကြောင့် စစ်ရေယာဥ်အနည်းငယ်သာ ဗန်းမော်မြို့သို့ရောက်ခဲ့သည်။
ယခု ထီးချိုင့်သို့ရောက်နေသည့် စစ်သင်္ဘောအုပ်စုကို ဇူလိုင်၁၉ ရက်က တိုက်ခိုက်ခဲ့ရာတွင် သင်္ဘောတစ်စီးမြုပ်ပြီး သုံးစီးပျက်စီးခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။
စစ်သင်္ဘာအုပ်စုကို စစ်ကောင်စီကလေကြောင်းအခြံအရံနှင့် ပစ်ခတ်မှုများရှိနေပြီး မြစ်ဘေးတစ်လျှောက် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဇူလိုင် ၁၇ ရက်တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှ ပြည်သူ ၂၁ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းက မန္တလေးမြို့မှ စစ်သင်္ဘော ၆စီး အထက်ပိုင်းကို ထပ်မံဆန်တက်သွားပြီး လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ အင်ဒေါင်းကျေးရွာ မီးလောင်ပျက်စီးခဲ့သည်။
