close
Connect with us

Hi, what are you looking for?

အတွေးအမြင်

သမိုင်းရဲ့ကလဲ့စား — အီရန်ကိုဘယ်သူနျူကလီးယားနည်းပညာပေးခဲ့တာလဲ

တတိယကမ္ဘာစစ်ဖြစ်လာမလားလို့ကမ္ဘာ့ပြည်သူတွေကိုကြောက်လန့်စေတဲ့အီရန်ရဲ့နျူကလီးယား ပြဿနာဟာဘယ်မှာစတင်ခဲ့ပါသလဲ။အီရန်ကိုနျူကလီယားနည်းပညာဘယ်သူကစပေးခဲ့တာပါလဲ။

၃၄ ဦး​မြောက် အ​မေရီကန် သမ္မတအိုင်စင်​​ဟောင်ဝါ နဲ့ ရှားဘုရင် ရှားမိုဟာမက်ရီဇာပါလာဗီ / အ​မေရီကန်က အီရန် နျူကလီးယား စီမံကိန်း ၃ ခုကို ဗုံးကြဲပြီး​​နောက် အ​မေရီကန်သမ္မတ မိန့်ခွန်း​​​ပြောကြားစဥ်။ ဓါတ်ပုံ-AFP ၊ NY Times

၅၅၉ရေးသားသည်။

တတိယကမ္ဘာစစ်ဖြစ်လာမလားလို့ကမ္ဘာ့ပြည်သူတွေကိုကြောက်လန့်စေတဲ့အီရန်ရဲ့နျူကလီးယား ပြဿနာဟာဘယ်မှာစတင်ခဲ့ပါသလဲ။အီရန်ကိုနျူကလီယားနည်းပညာဘယ်သူကစပေးခဲ့တာပါလဲ။

အဖြေကတော့ ပြီးခဲ့ဇွန်လ၂၂ရက်နေ့ကအီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရာနေရာကို အကြီးအကျယ်ဗုံးကြဲခဲ့တဲ့အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်။အဲဒီစစ်ဆင်ရေးကိုညသန်းခေါင်မှာနှက်တဲ့တူ (Operation Midnight Hammer) လို့အမေရိကန်ကအမည်ပေးပါတယ်။ တကယ်တော့ အဲဒီတူဟာကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသလိုပါ။

၁၉၅၃ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါကကုလသမဂ္ဂအထွေထွေ ညီလာခံမှာအခုလိုပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာကြီးမှာအန္တရာယ်တစ်ခုရှိတယ်ဆိုရင်၊ အဲဒါဟာအားလုံး အတွက်အန္တရာယ်ပါပဲ။ ထပ်တူညီစွာပဲနိုင်ငံတစ်နိုင်ငံမှာ မျှော်လင့်ချက်တစ်ခုရှိနေရင်လည်း ဒီမျှော်လင့်ချက်ကို အားလုံးကိုမျှဝေသင့်ပါတယ်”။ ဒီမိန့်ခွန်းကို နောင်တစ်ချိန်မှာ “ငြိမ်းချမ်းရေးအတွက် အက်တမ်များ”(Atoms for Peace) လို့အမည်တွင်ခဲ့ပါတယ်။

ဒါဟာအမေရိကန်ပြည်ထောင်စုက စစ်အေးကာလအရှိန်မြင့်တက်နေချိန်မှာမဟာမိတ်နိုင်ငံတွေအတွက်နျူကလီးယားနည်းပညာကိုမျှဝေတဲ့ Atoms for Peaceပရိုဂရမ်ဖြစ်ပါတယ်။ဒီလိုနည်းနဲ့အီရန်ဆီကိုနျူကလီးယာနည်းပညာစရောက်ခဲ့ပါတယ်။

စတင်တဲ့ရည်ရွယ်ချက်ကတော့ဒီစွမ်းအင်ကိုငြိမ်းချမ်းစွာ အသုံးပြုဖို့ပါ။၁၉၆၇ခုနှစ်မှာ အမေရိကန်က တဟီရန်နျူကလီးယားသုတေသနဌာနကို နျူကလီးယားဓါတ်ပေါင်းဖို နဲ့ ယူရေနီယံတွေပေးအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအီရန်ကိုအုပ်ချုပ်နေခဲ့သူဟာအမေရိကန် နဲ့ အနောက်အုပ်စုတွေရဲ့မဟာမိတ် ရှားမိုဟာမက်ရီဇာပါလာဗီ (ရှားဘုရင်)ပဲဖြစ်ပါတယ်။သူဟာအခုအီရန်ခေါင်းဆောင်တွေလိုဘာသာရေးနဲ့ အုပ်ချုပ်တာမဟုတ်ပေမယ့် အာဏာရှင်ပဲဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ အမေရိကန်ရဲ့မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်(MIT)ကအီရန်ရဲ့နျူကလီးယား အင်ဂျင်နီယာတွေကိုမွေးထုတ်ပေးခဲ့ပါတယ်။အီရန်ဟာဒီနည်းပညာကိုရရှိခဲ့တာကိုသူ့ရဲ့ဂုဏ်ဒြပ်တစ်ခုအဖြစ်အင်မတန်ဂုဏ်ယူခဲ့ပါတယ်။ကြိုတွေးမထားမိတဲ့ကံကြမ္မာကတော့တစ်နေ့မှာအီရန်ဟာ ဘာသာရေးအစွန်းရောက်လာပြီး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ရန်သူဖြစ်လာမယ်ဆိုတာကိုပါပဲ။

၁၉၇၉ခုနှစ်ကအီရန်မှာတော်လှန်ရေးဖြစ်ပွါးတဲ့အခါမှာတော့အရာအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ ပါတယ်။ အီရန်နဲ့အမေရိကန် နျူကလီးယားနည်းပညာပူးပေါင်းရေးအစီအစည်ရပ်ဆိုင်းသွားတဲ့အပြင် အီရန်ဟာအမေရိကန်နဲ့အနောက်ကမ္ဘာရဲ့ရန်သူဖြစ်လာပါတယ်။

နောက်ပိုင်းမှ ပါကစ္စတန်ကသိပ္ပံပညာရှင်နဲ့ နျူကလီးယာမှောင်ခိုသမားအေကျူခန်ကအီရန်ကိုနည်းပညာအကူအညီတွေပေးခဲ့ပြီး၁၉၉၁ခုနှစ်မှာ တရုတ်က “အဝါရောင်ကိတ်မုန့်”လို့တင်စားတဲ့ ယူရေနီယံဒြပ်ပေါင်းတွေနဲ့နည်းပညာတွေကိုတိတ်တဆိတ်ထောက်ပံ့ပေးခဲ့ပါတယ်။ ရုရှကလည်းနောက်ချန်မနေခဲ့ပါဘူး။ ဓါတ်ပေါင်းဖိုတည်ဆောက်ရေးနဲ့ နည်းပညာတွေကူညီပေးခဲ့ ပါသေးတယ်။

အခုတော့ သမ္မတအိုက်ဆင်ဟောင်ဝါရဲ့ Atoms for Peace ဟာ Atoms for Warဖြစ်လာခဲ့ပါပြီ။ အမေရိကန် လက်နက်ထိန်းချုပ်ရေးပညာရှင်ဖြစ်တဲ့ ရောဘတ်အိုင်ဟွန်းကတော့ “ကျွန်တော်တို့ အီရန်ကိုသူ့ရဲ့အစပထမလက်စွဲသေတ္တာကိုပေးခဲ့မိတယ်”လို့ပြန်ပြောပါတယ်။

“အဲဒီအချိန်တုန်းကနျူကလီးယာပိုင်ဆိုင်မှုနဲ့ပက်သက်ရင် ကျွန်တော်တို့အရမ်းကြီးမစိုးရိမ်ခဲ့ကြဘူး။ဆိုတော့နျူကလီးယားနည်းပညာကိုလက်လွှဲပေးရာမှာကျွန်တော်တို့မဆင်မခြင်လုပ်ခဲ့ကြတယ်”လို့‌ သူကပြောပါတယ်။

ဂြိုလ်တုကရိုက်ကူးတဲ့ပုံရိပ်တွေအရတော့အီရန်ဟာသူ့ရဲ့နျူကလီးယားထုတ်လုပ်မှုနေရာကို အလုံးအရင်းနဲ့ပြန်ပြင်ဖို့လုပ်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ အီရန်ဟာနျူးကလီးယားအိပ်မက်ကိုလုံးဝဆုံးရှုံးသွာပြီဆိုရင်တောင်ကြောက်စရာကောင်ပြီးရက်စက်တဲ့ တုန့်ပြန်မှုတွေပြုလုပ်မှာပါ။

နယူးယောက်ကဝေါထရိတ်စင်တာကိုအိုစမာဘင်လာဒင်ရဲ့အယ်လ်ကေဒါကလေယာဉ်နဲ့ဝင်ဆောင့်ခဲ့တာဟာ ဘာနည်းပညာမှကြီးကြီးမားမား မပါခဲ့ပါဘူး။ ဒီနေရာမှာသတိချပ်ဖို့ကအိုစမာဘင်လာဒင်ဆိုတာလည်းတစ်ချိန်ကအမေရိကန်က ဆိုဗီယက်ကို အာဖဂန်နစ္စတန်စစ်မျက်နှာမှာရှုံးနိမ့်စေဖို့အတွက် အထောက်အပံ့ပေးခဲ့တဲ့စစ်သွေးကြွဖြစ်ခဲ့တယ် ဆိုတာပါပဲ။

အမေရိကန်ကဖြုတ်ချသတ်ဖြတ်ခဲ့တဲ့အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ဆိုတာလည်းအီရန်-အီရတ်စစ်ပွဲအတွင်းမှာ အမေရိကန်ကထောက်ပံ့ခဲ့သူပါ။

မြန်မာနိုင်ငံကစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်ကသူ့နိုင်ငံဆီကို ၁၉၆၆မှာဖိတ်ခေါ် ခဲ့ပြီး အိမ်ဖြူတော်မှာဧည့်ခံခဲ့ပါတယ်။ အခုတော့မြန်မာနိုင်ငံကဘယ်ခရီးသွားကိုမှလက်မခံဘူးလို့ အမေရိကန်အစိုးရကထုတ်ပြန်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကြားမှာ သေကြေဒုက္ခရောက်ရသူတွေကတော့ ကမ္ဘာ့ပြည်သူတွေပါပဲ။ သွေးချောင်းစီးမှုတွေကိုတွေ့နေကြရဦးမှာပါ။

တစ်ခါတစ်လေမှာ သမိုင်းဆိုတာဟာကိုရီးယားဇာတ်လမ်းတွဲလို တစ်ပိုင်းနှစ်ပိုင်းကြည့်ရုံ နဲ့ ဇာတ်လမ်းကိုပုံဖေါ်နိုင်လေ့မရှိပါဘူး။

သမိုင်းကတော့သူ့တာဝန်အရကလဲ့စားချေမှုကိုဆက်တိုက်ဆောင်ရွက်နေမှာပါပဲ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချလိုက်ခြင်းကြောင့် ကမ္ဘာအနှံ့မှာ လူပေါင်း ၁၄ သန်းလောက်ထိ အသက်ဆုံးရှုံးနိုင်တယ်လို့ သုတေသန စစ်တမ်းတစ်ခုက ညွှန်ပြနေပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသားဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို မျှားခေါ်ဖို့ ကိုယ်တိုင် တောမီးရှို့ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ချောင်းမြောင်း ပစ်ခတ်ခဲ့သူကို သေဆုံးလျက် ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အီရန်က အလေးထား ကတိတည်မယ် ဆိုတာကို ကြီးကြီးမားမား သံသယရှိကြောင်း အီရန်က ပြောပါတယ်။

Facebook