ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ လော့စ်အန်ဂျလိစ်မြို့မှာ အရှိန်မြင့်တက်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမျိုးသား အစောင့်တပ်တွေကို နေရာအနှံ့ ဖြန့်ကျက်စေမယ်လို့ သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန အေးဂျင့်တွေက လော့စ်အန်ဂျလိစ်ရဲ့ ရပ်ကွက်နှစ်ခုမှာ ရွှေ့ပြောင်းအခြေချသူ ၄၀ ကျော်ကို ဝင်ရောက် ဖမ်းဆီးခဲ့တဲ့နောက် အဲဒီ ဖမ်းဆီးမှုတွေကို ဆန့်ကျင်တဲ့ အုံကြွ ဆန္ဒပြမှုတွေ စတင်လာခဲ့ပါတယ်။ နောက်တော့ ဆန္ဒပြမှုတွေဟာ နေရာတချို့မှာ အရမ်းကြမ်းတမ်းပြီး မင်းမဲ့စရိုက်ဆန်တဲ့ အခြေအနေတွေဆီ ဦးတည်လာပါတယ်။
ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာတော့ ထရမ့်ဟာ အမေရိကန်ရဲ့ ပြည်နယ်တွေအဆင့် ဖွဲ့စည်းထားတဲ့ အရန်စစ်တပ်လို့ သတ်မှတ်နိုင်တဲ့ အမျိုးသား အစောင့်တပ် အင်အား ၂၀၀၀ လောက်ကို လော့စ်အန်ဂျလိစ်ဆီ စေလွှတ်ခဲ့ပါတယ်။
ထရမ့်က ဆူပူအုံကြွမှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖြိုခွင်းဖို့ မကြိုးစားဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်၊ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်တို့ကို ဝေဖန်ထားပါတယ်။

Public Service Announcement
ဇွန်လ ၈ ရက်နေ့မှာတော့ ထရမ့်က အမျိုးသား အစောင့်တပ်ဟာ အားကောင်းတဲ့ တရားဥပဒေ စိုးမိုးရေးကို ပြန်လည် တည့်မတ်စေဖို့တွက် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကတော့ လော့စ်အန်ဂျလိစ်ကို ပို့ဆောင်ထားတဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေထဲက ၃၀၀ လောက်ကို မြို့ဧရိယာထဲမှာ လုံခြုံရေး စတင် ဖြန့်ကျက်ထားပြီး ဖက်ဒရယ် အစိုးရ အဆောက်အအုံတွေ လုံခြုံရေးကို အဓိက တာဝန်ယူသွားမယ်လို့ ပြောပါတယ်။
လော့စ်အန်ဂျလိစ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား အသေးစား ပဋိပက္ခတချို့ ရှိခဲ့သလို ဂျာနယ်လစ်တွေနဲ့ ဆန္ဒပြသူတွေ ရောနေတဲ့ လူအုပ်ထဲကို ငရုတ်ကောင်း ဖြန်းဆေးတွေ၊ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲတာတွေလည်း ရှိခဲ့ပါတယ်။
ဆန္ဒပြသူတွေဖက်က လွန်ကဲလာရင် လော့စ်အန်ဂျလိစ် တစ်မြို့လုံး လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြန့်ကျက်ထားမယ်လို့ ခြိမ်းခြောက်ခဲ့သလို လိုအပ်လာရင် နိုင်ငံရဲ့ တခြားမြို့တွေ၊ ပြည်နယ်တွေမှာလည်း အဲဒီလို ပုံစံတူ စီမံတုံ့ပြန်ဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။ ရန်လို အကြမ်းဖက်တဲ့ သူတွေကို ဒီအတိုင်း လွှတ်ထားပေးလို့ မရကြောင်း၊ ဥပဒေ စိုးမိုးမှုကို ပြန်ရယူဖို့ လုပ်သင့်တာကို လုပ်ရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
စစ်တပ်ကို ပြည်တွင်း ရဲတပ်ဖွဲ့ တစ်ခုအဖြစ် အသုံးပြုခွင့်ရှိတဲ့ ပုန်ကန်သောင်းကျန်းမှု နှိမ်နင်းရေး ဥပဒေကို အသက်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ သူက လိုအပ်ရင် နေရာတိုင်းမှာ တပ်တွေ ဖြန့်ကျက်ခိုင်းမှာ ဖြစ်ကြောင်း၊ အမေရိကန်မှာ ဒီလို မင်းမဲ့စရိုက်တွေ ဖြစ်နေလို့ မရကြောင်း ပြန်ဖြေသွားပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ် သမိုင်းမှာတော့ အမေရိကန်ရဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ခိုင်မာလာတဲ့ အချိန်ကစပြီး ဒါဟာ အရပ်သား ဧရိယာတွေထဲ စစ်တပ်ကို ဖြန့်ကျက်ခြင်း ဖြစ်လာပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆွမ်ကတော့ အမျိုးသား အစောင့်တပ်တွေ ထုတ်သုံးတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ ပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ မီးစာဖြည့်ပေးနေတာလို့ စွပ်စွဲခဲ့ပါတယ်။
ထရမ့် ဝင်မပါသ၍ ကယ်လီဖိုးနီးယားဟာ ဘာပြဿနာမှာ မရှိခဲ့ကြောင်း၊ ထရမ့်ဟာ ပြည်နယ် အစိုးရရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ဒေသတွင်းမှာ တင်းမာမှုတွေကို ဖန်တီးနေကြောင်း၊ အဲဒီ လုပ်ရပ်မျိုးကနေတဆင့် ထရမ့်ဟာ ဖက်ဒရယ် အစိုးရ လိုအပ်တဲ့ အရင်းအမြစ်တွေကို ဆွဲယူဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း၊ ထရမ့်အနေနဲ့ သူ့အမိန့်တွေကို ရုပ်သိမ်းပြီး ကယ်လီဖိုးနီးယားရဲ့ ကိစ္စကို ကယ်လီဖိုးနီးယားဆီ ပြန်လွှဲပေးဖို့လိုကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
အမေရိကန် အနှံ့မှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်နေတဲ့ ပြည်နယ်အသီးသီးရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကလည်း နယူဆွမ်ကို ထောက်ခံပြီး ကယ်လီဖိုးနီးယား အမျိုးသား အစောင့်တပ်ဖွဲ့ကို ထုတ်သုံးတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ အာဏာ အလွဲသုံးစားမှုအဖြစ် စွပ်စွဲ ဝေဖန်ခဲ့ကြပါတယ်။
သာမန်အားဖြင့်တော့ အမျိုးသား အစောင့်တပ်ဖွဲ့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဓိက သုံးစွဲလေ့ရှိပြီး ရံဖန်ရံခါမှာတော့ ပြည်တွင်း ဆူပူမှုတွေကို ကိုင်တွယ်ရာမှာ အသုံးပြုပါတယ်။ ဒါပေမဲ့ များသောအားဖြင့် သက်ဆိုင်ရာ ပြည်နယ် အုပ်ချုပ်ရေး အစိုးရ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒအရသာ အဲဒီ တပ်တွေကို အသုံးပြုပြီး လောလောဆယ် ထရမ့်ဆုံးဖြတ်ခဲ့သလိုမျိုး ဖက်ဒရယ် အစိုးရက တိုက်ရိုက် စေလွှတ်တာမျိုး အရမ်းရှားပါးတယ်လို့ သိရပါတယ်။
ကိုးကား: AFP
