Coldplay အဖွဲ့ရဲ့ ဂီတ ဖျော်ဖြေပွဲ သွားကြည့်ရင်း လက်အောက်ဝန်ထမ်း အမျိုးသမီးနဲ့ လူမှုရေးကိစ္စ ရှုပ်ထွေးနေတာ ကမ္ဘာသိ ဖြစ်သွားခဲ့တဲ့ အမေရိကန် နည်းပညာ လုပ်ငန်းစု အမှုဆောင်ချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
နယူးယောက်မှာ အခြေစိုက်တဲ့ Astronomer ကုမ္ပဏီရဲ့ အမှုဆောင် အန်ဒီ ဘိုင်ရွန်ဆီက တင်သွင်းလာတဲ့ နုတ်ထွက်စာကို ဒါရိုက်တာ ဘုတ်အဖွဲ့က ဇူလိုင် ၁၉ ရက်နေ့မှာ လက်ခံခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီက CNN သတင်းဌာနဆီ အသိပေးလာတဲ့ ထုတ်ပြန်ချက်မှာတော့ အခုအခါ အမှုဆောင်ချုပ် နေရာအတွက် လူသစ် ရှာနေပြီလို့ ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူနဲ့ ထုတ်ကုန်ဌာန အကြီးအကဲ ပိထ်ဒီဂျွိုင်းက ယာယီ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မက်ဆာချူးဆက်မှာရှိတဲ့ Gillette အားကစားရုံမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲမှာ ဘိုင်ရွန်ဟာ ကုမ္ပဏီရဲ့ လူ့အရင်းအမြစ်ဌာန အကြီးအကဲ ခရစ္စတင်း ကက်ဘော့နဲ့ အရမ်းတရင်းတနှီး ပူးပူးကပ်ကပ် ရှိနေတာကို ကင်မရာတွေက ရိုက်ကူးမိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အခြေအနေကို သတိပြုမိခဲ့ချိန်မှာ ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေတွေက ဖုံးကွယ်လို့ မရတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။
အိမ်ထောင်သည် တစ်ဦးဖြစ်တဲ့ ဘိုင်ရွန်ဟာ အဲဒီ ဗီဒီယို ပျံ့နှံ့သွားခဲ့ချိန် ကတည်းက အခုလို နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်ခြေကို ကြိုတင် တွက်ဆထားပြီး ဖြစ်တယ်လို့လည်း ကုမ္ပဏီဖက်က ဆိုပါတယ်။ လူမှုရေး အရှုူပ်အထွေးမှာ ဆက်နွှယ် ပတ်သက်ခဲ့သူ နှစ်ဦးစလုံးဟာ အိမ်ထောင်ရှိကြသူတွေလို့ အမေရိကန် မီဒီယာတွေက ဖော်ပြထားကြပါတယ်။

Public Service Announcement
ဘိုင်ရွန်ဟာ အချက်အလက် ကိုင်တွယ်စီမံမှုဆိုင်ရာ နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိ စျေးကွက်တန်ဖိုး ဒေါ်လာ ၁.၃ ဘီလီယံလောက်ရှိတဲ့ Astronomerကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ စတင် ဦးဆောင်နေခဲ့တာပါ။ ပြဿနာတွေ တက်ခဲ့တဲ့နောက် ၂၄ နာရီအတွင်း ကုမ္ပဏီက သူ့ကို ရာထူးကနေ ဆိုင်းငံ့ထားစေခဲ့ပြီး အတွင်းပိုင်း စုံစမ်းမှုတွေ စတင်ခဲ့ပါတယ်။ အခုတော့ သူကိုယ်တိုင် နုတ်ထွက်စာ တင်သွားတာလည်း ဖြစ်ပါတယ်။
CNN သတင်းဌာနက ဘိုင်ရွန်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘိုင်ရွန်ရော၊ ကက်ဘော့ပါ သူတို့ရဲ့ လူပြောများတဲ့ ဗီဒီယို ထွက်ပေါ်လာမှုအပြီး လူသိရှင်ကြား ရှင်းလင်းတာတွေ မရှိခဲ့သလို အွန်လိုင်းပေါ်မှာ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အမှန်တွေရော၊ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေပါ ရောနှော ပျံ့နှံ့လာနေပါတယ်။
ဘိုင်ရွန်ဟာ ဇနီးဖြစ်သူ မီဂန် ကာရီဂန်နဲ့ ကလေး ၂ ဦး ရထားပြီး ကက်ဘော့ကတော့ ရမ်အရက် လုပ်ငန်းရှင် ခင်ပွန်းသည် အန်ဒရူး ကက်ဘော့နဲ့ အနည်းဆုံး ကလေး ၁ ဦး ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အခုဖြစ်ရပ် နောက်ဆက်တွဲ ကာယကံရှင် နှစ်ဦးရဲ့ အိမ်ထောင်ဖက်တွေဆီက သဘောထားနဲ့ ဆုံးဖြတ်ချက်တွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကိုးကား: CNN
