အာကာသ အစပ်နားကနေ ခုန်ချပြခဲ့ဖူးတဲ့ လူစွန့်စား အမျိုးသားဟာ စက်တပ်လေထီး စီးနင်းရင်း မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
ဩစတြီးယား နိုင်ငံသား ဖီးလစ် ဘွမ်ဂတ်နာဟာ ၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာ့လေထု အစွန်း၊ အာကာသနဲ့ ထိစပ်ရာ နေရာကနေ ခုန်ချပြပြီး ကမ္ဘာ့စံချိန် တင်ခဲ့သူပါ။ ဒါဟာ လူသားတစ်ဦးက ခုန်ချပြနိုင်တဲ့ အမြင့်ဆုံး စံချိန် ဖြစ်ခဲ့သလို ကျဆင်းလာချိန်မှာ မြန်နှုန်းမြင့်လွန်းလို့ လူသားတစ်ဦး အနေနဲ့ အသံရဲ့ မြန်နှုန်းကို ပထမဆုံး ကျော်လွန် ရွေ့လျားတဲ့ စံချိန်ကိုပါ စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ဘွမ်ဂတ်နာဟာ ဓာတ်ငွေ့ဘောလုံး တစ်ခုနဲ့ လိုက်ပါသွားပြီး အမြင့်ပေ ၁၂၈၀၀၀၊ တစ်နည်းအားဖြင့် ၃၉ ကီလိုမီတာ ကျော်ကျော်လောက်ကနေ ခုန်ချခဲ့တာဖြစ်ပြီး မြေပြင်ပေါ်ကို လေထီးနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
နောက်ထပ် ၂ နှစ်အကြာမှာတော့ သူ့ရဲ့ စံချိန်ကို အမေရိကန်သား အလန်အူစတန့်စ်က အမြင့်ပေ ၁၃၅၀၀၀ ကျော်ကနေ ခုန်ချပြပြီး ချိုးဖျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘွမ်ဂတ်နာဟာ ကမ္ဘာ့လေထုအစွန်း၊ အာကာသ အစပ်ကနေ လူသားတစ်ဦး ခုန်ချနိုင်တယ်ဆိုတဲ့ လမ်းသစ်ကို ဖောက်ပေးခဲ့သူ အနေနဲ့ ညွှန်းဆိုခံထားရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာတော့ သူဟာ အီတလီရဲ့ ပေါ်တို ဆန်တီအယ်လ်ပီဒီယို မြို့မှာ စက်တပ် လေထီး စီးနင်းနေရင်း ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ပျက်ကျခဲ့ပါတယ်။ သူဟာ အပျော်တမ်း စခန်းချ ခရီးထွက်ရာ ကျေးရွာတစ်ခုက ရေကူးကန်နားက သစ်သားအိမ်ထဲကို ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ သေမှုသေခင်းကို စစ်ဆေးနေဆဲ ဆိုပေမယ့် လေထဲမှာ ပျံသန်းနေရင်း ရောဂါတစ်ခုခု ထဖောက်တာမျိုး ကြုံခဲ့တာ ဖြစ်နိုင်တယ်လို့ မြို့တော်ဝန် မက်ဆီမီလီယာနို စီယာပယ်လာက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ ဘွမ်ဂတ်နာရဲ့ အသက်က ၅၆ နှစ်ပါ။

Public Service Announcement
ဘွမ်ဂတ်နာ ကွယ်လွန်ကြောင်း သတင်းကို ကြားရချိန်မှာ သူ့ရဲ့ ပရိသတ်တွေက လူမှုကွန်ရက်မှာ ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားတွေကို မျှဝေခဲ့ကြပါတယ်။ ဘွမ်ဂတ်နာဟာ ရဲစွမ်းသတ္တိရှိမှု၊ အလွန်အကျွံ စွန့်စားရတဲ့ ပျံသန်းမှုတွေရဲ့ ဂန္ထဝင် သင်္ကေတ တစ်ခုလို့ စီယာပယ်လာက ညွှန်းဆိုခဲ့ပါတယ်။
ဘွမ်ဂတ်နာဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံး base jump ခုန်ချသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ သူဟာ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုး မြို့မှာရှိတဲ့ ခရစ်တော် ရုပ်တုကြီးရဲ့ လက်ပေါ်ကနေ မီတာ ၃၀ သာ အမြင့်ရှိတဲ့ နေရာကနေ ခုန်ချခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာတော့ သူဟာ အထူးစီမံ တည်ဆောက်ထားတဲ့ ကျောပိုးဂျက်အင်ဂျင် တစ်ခုကို အသုံးပြုပြီး အင်္ဂလန် ရေလက်ကြားကို ဖြတ်ပျံပြခဲံပါတယ်။
ကိုးကား: AP
