အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်း အခြေချသူတွေဖက်က ထောက်ခံ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် အမျိုးသား အစောင့်တပ်ဖွဲ့ကို ဖြန့်ကျက်စေခဲ့ပါတယ်။
ဇွန်လ ၇ ရက် မနက်ပိုင်းက လော့စ်အန်ဂျလိစ်မှာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာန (ICE) အရာရှိတွေက တရားမဝင် ရွှေ့ပြောင်း အခြေချသူ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ ရှာဖွေ စီးနင်းမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စီးနင်းမှုတွေကို မကျေနပ်လို့ အကြမ်းပတမ်း တုံ့ပြန် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့နောက် ညပိုင်းမှာ ထရမ့်က ညပိုင်းမှာ အမျိုးသား အစောင့်တပ် အင်အား ၂၀၀၀ လောက်ကို လော့စ်အန်ဂျလိစ်မှာ ဖြန့်ကျက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား အစောင့်တပ်ဟာ ပြည်နယ်တစ်ခုချင်းစီမှာ ထူထောင်ထားတဲ့ လက်နက်ကိုင် တပ်တွေဖြစ်ပြီး အမေရိကန် ကြည်းတပ်နဲ့ လေတပ်တွေရဲ့ အရန်အင်အား အဖြစ်လည်း တာဝန်ယူလေ့ ရှိပါတယ်။
လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်က မြို့ထဲမှာ အမျိုးသား အစောင့်တပ်တွေ ဖြန့်ကျက်မထားပါဘူးလို့ ပြောပေမယ့် မျက်မြင်တွေကတော့ မြို့ထဲက ဖက်ဒရယ် အစိုးရ ရုံးအဆောက်အအုံတွေမှာ ဇွန်လ ၈ ရက် မနက်အစောပိုင်းကစလို့ လက်နက်ကိုင် တပ်ဖွဲ့တွေ စတင် နေရာယူထားတာကို တွေ့ရကြောင်း ပြောပါတယ်။

Public Service Announcement
လော့စ်အန်ဂျလိစ်ရဲ့ ရပ်ကွက်နှစ်ခုကို ICE အေးဂျင့်တွေက စီးနင်းပြီး ဒေသခံ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ တစ်ဦး အပါအဝင် လူ ၄၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့နောက် ဆန္ဒပြပွဲတွေ စတင်လာခဲ့တာပါ။ အဲဒီနောက် အခြေအနေတွေ တင်းမာလာပြီး အဓိကရုဏ်းဆန်တဲ့ ဆူပူမှုတွေလည်း ဖြစ်လာပါတယ်။
ဇွန်လ ၇ ရက် ညနေပိုင်းတုန်းက ဆန္ဒပြသူတွေဟာ ICE အေးဂျင့်တွေနဲ့ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားတဲ့ထိ ပြဿနာတွေ ကြီးထွားခဲ့ပါတယ်။
ထရမ့်ကတော့ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ဘေ့စ်ကိုရော၊ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်ကိုပါ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံ ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း နယူဆွမ်က အမျိုးသား အစောင့်တပ်တွေ ထုတ်သုံးခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို မီးလောင်ရာလေပင့် လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။
ထရမ့်ကတော့ လော့စ်အန်ဂျလိစ်မှာ လုယက်သူတွေ၊ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေ သောင်းကျန်းနေပြီး နယူဆွမ်နဲ့ ဘေ့စ်က မကိုင်တွယ်နိုင်ရင်၊ လက်တွေ့ အခြေအနေအရလည်း မကိုင်တွင်နိုင်ဘူးဆိုတာ မြင်သာနေတာကြောင့် အမေရိကန် ဖက်ဒရယ် အစိုးရက ဖြစ်သင့်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းမယ်လို့လည်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: Reuters
