ဇူလိုင်-၁၉၊၂၀၂၅။ ကျော်ဇော/People’s Spring
မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများတယ်လို့ PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပဲခူးရိုးမပေါ်မှာရှိတဲ့ စပါးကြီးချောင်းရွာမှာ အင်အား ၂၀၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ ခန့်မှာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၂ နာရီနီးပါးကြာမြင့်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးကာ အထိနာသွားပြီး ပဲခူးရိုးမအစပ်မှာရှိတဲ့ ဘန့်ဘွေးကုန်းရွာဘက်ကို တပ်ဆုတ်သွားပြီး တခြားစစ်ကြောင်းတစ်ခုနဲ့ ပူး ပေါင်းသွားတယ်လို့ အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

ဒါကြောင့် တိုက်ခိုက်ခံရပြီးနောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၁၄ ရက်နေ့မနက် ၇ နာရီခွဲမှာ ပဲခူးရိုးမခါချဥ်တောင်မှာအထိုင်ချထားတဲ့ တော်လှန်ရေးတပ်ဖွဲ့စခန်းကို အင်အား ၄၀၀ လောက်နဲ့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခါချဥ်တောင်စခန်းကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းချိန်မှာ တဖက်က အင်အားများတာ၊ ဘန့်ဘွေးကုန်းရွာမှပြည်သူအချို့ကို လမ်းပြအဖြစ်ဓားစာခံဖမ်းဆီးခေါ်ဆောင်လာတာတွေကြောင့် စခန်းကနေဆုတ်ခွာပေးခဲ့ရတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ် ခွဲ ၅ ရဲ့တာဝန်ရှိသူက ဖြစ်စဥ်ကိုပြောပါတယ်။
“လူသားဒိုင်းလုပ်ပြီး အတင်းတက်ချလာပြီး ဒရုန်းနဲ့ဗုံးဆက်တိုက်ကြဲနေလို့ရဲဘော်တွေမထိခိုက်ရအောင် ယာယီဆုတ်ပေးလိုက်တာပါ”လို့ ခါချဥ်တောင်စခန်းကနေ ဆုတ်ပေးရတဲ့အခြေ အနေကို တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အခုနောက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်များကိုပိုအသုံးပြုလာပြီး အဲဒီတပ်သားတွေဟာ စစ်မြေပြင်မှာ မူးယစ်ဆေးသုံးထားတယ်လို့ယူဆရပြီးပစ်ခတ်နေတဲ့ကြားက ရှေ့ကိုဇွတ်တိုးလာတာတွေရှိနေတယ်လို့သူက ဆက်ပြောပါတယ်။
“သူတို့က စစ်မှုထမ်းတပ်သားသစ်တွေကို အသေခံ တက်ခိုင်းကြတာ။တချို့ဆိုမူးယစ်ဆေးတွေသုံးထားတယ်ထင်တယ်။သေနတ်နဲ့ပစ်သတ်နေတဲ့ကြားက တက်ချလာတာ”လို့ တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့်ဇူလိုင်၁၄ ရက်နေ့ကဖြစ်တဲ့ခါချဥ်တောင်တိုက်ပွဲမှာ စစ်တပ်က ၅၀ ဝန်း ကျင်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေတယ်များသလို အလောင်းတွေကိုလည်း အရင်ကလို မထားခဲ့ဘဲ အကုန်ပြန်သယ်သွားတာမျိုး မြင်တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးအနေနဲ့ သီးခြားအ တည်ပြုနိုင်တာမျိုးတော့ မရှိပါဘူး။
နှစ်ရက်ဆက်တိုက်ပွဲမှာ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်ဇာမဏီ ဒရုန်းဗုံးထိမှန်ကျဆုံးပြီး ရဲဘော်ခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အဲဒီတပ်ခွဲက အသိပေးထားပါတယ်။
လက်ရှိမှာစစ်တပ်စစ်ကြောင်းဟာသူတို့ရဲ့ထိခိုက်သေဆုံးတဲ့ရုပ်အလောင်းတွေကိုပြန်သယ်ပြီး ဇူလိုင် ၁၆ ရက်နေ့မှာ ဘန့်ဘွေးကုန်းကို တပ်ပြန်ဆုတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။
