ဗီယက်နမ် နိုင်ငံမှာ ခရီးသွား ဧည့်သည်တွေ လိုက်ပါလာတဲ့ လှေတစ်စီး ပက်လက်လန် တိမ်းမှောက်သွားမှုကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့က ဗီယက်နမ်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား စည်ကားရာ ဟာလောင်ဘေး ကျွန်းစုနားမှာ လှေမတော်တဆမှု ဖြစ်ခဲ့တာပါ။ လှေပေါ် လိုက်ပါလာသူ အများစုဟာ မြို့တော် ဟနွိုင်းကနေ လာရောက် လည်ပတ်ကြတဲ့ မိသားစုတွေ ဖြစ်တယ်လို့ သိရပါတယ်။
လှေတိမ်းမှောက်မှု သတင်းကို ကြားကြားချင်း ကယ်ဆယ်ရေးတွေကို အပူတပြင်း လုပ်ဆောင်ခဲ့ပေမယ့် သည်းသည်းမည်းမည်း ရွာသွန်းနေတဲ့ မိုးကြောင့် အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ဇူလိုင် ၂၀ မနက်ပိုင်းထိ အခြေအနေ အရတော့ ရုပ်အလောင်း ၃၄ ခုထက် မနည်းကို ဆယ်ယူရရှိထားပြီး ၁၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ပြီ ဖြစ်ပါတယ်။
လှေပေါ်မှာ ခရီးသည် ၄၈ ဦး၊ အမှုထမ်း ၅ ဦး၊ စုစုပေါင်း ၅၃ ဦး လိုက်ပါသွားခဲ့တာကြောင့် နောက်ထပ် ၈ ဦး ပျောက်ဆုံးနေဆဲပါ။

Public Service Announcement
Wonder Seasလို့ နာမည်ပေးထားတဲ့ လှေဟာ ပင်လယ်ပြင်မှာ ရုတ်တရက် မုန်တိုင်းကျရောက်လာမှုနဲ့ ကြုံရတဲ့နောက် တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ်လို့ ဗီယက်နမ် ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က ဟာလောင်ဘေး တဝိုက်မှာ ရာသီဥတုက ရုတ်တရက် ကြမ်းတမ်းလာပြီး မိုးမှောင်ကျသွားခဲ့တယ်လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။ နောက်တော့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ပြီး လျှပ်စီးတွေလက်၊ မိုးသီးတွေပါ ကြွေခဲ့တယ်လို့လည်း သိရပါတယ်။
ပက်လက်လန်နေတဲ့ သင်္ဘောကိုယ်ထည်ထဲက လေဝင်နေတဲ့ နေရာလွတ်လေးမှာ ကုတ်ကတ်တွယ်နေခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးကိုလည်း ကယ်ဆယ်ရေးတွေက ကူညီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ သူဟာ မိဘတွေနဲ့အတူ အလည်အပတ် ခရီးထွက်လာခဲ့တာပါ။ သေဆုံးသူတွေ စာရင်းမှာ အနည်းဆုံး ၈ ဦးဟာ ကလေးတွေ ဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ အသက်ရှင်နေသေးသူတွေကို ရနိုင်သမျှ ရှာဖို့အတွက် ရာသီဥတု ပြင်းထန်နေတဲ့တိုင် ညလုံးပေါက် အလုပ်လုပ်ခဲ့ကြပါတယ်။
ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်ချင်းက သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ လုံခြုံရေးဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်ခဲ့တာမျိုး ရှိမရှိ ဆိုတာကိုလည်း အာဏာပိုင်တွေက အလေးအနက် စုံစမ်းသွားမယ်လို့ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။
ဟာလောင်ဘေး ဧရိယာဟာ မြစိမ်းရောင် ရေပြင်၊ ရာနဲ့ချီ များပြားတဲ့ ကျွန်းစုကျွန်းမွှားလေးတွေနဲ့ ဖွဲ့စည်းထားပြီး ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွေ စာရင်းထဲမှာ ထည့်သွင်းသတ်မှတ် ခံထားရပါတယ်။ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြီး မစတင်ခင် ၂၀၁၉ ခုနှစ်တုန်းက အဲဒီနေရာကို တစ်နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ၄ သန်းလောက် သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။
ကိုးကား: CNN
