ရာနဲ့ချီတဲ့ ဖမ်းဆီးမှုတွေ ကြုံတွေ့ခဲ့ပြီး၊ ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ခဲ့တဲ့နောက် လော့စ်အန်ဂျလိစ်မြို့ရဲ့ အခြေအနေဟာ ပြန်လည် ငြိမ်သက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ နောက်ဆက်တွဲ ဆူပူသောင်းကျန်းမှုတွေဟာ ဇွန်လ ၁၁ ရက် ညမှာတော့ အတော်လေး ငြိမ်သက်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခြေအနေတွေက အလုံးစုံ တည်ငြိမ် အေးချမ်းသွားတာမျိုးတော့ မဟုတ်ဘဲ မြို့ခံတွေ အနေနဲ့ နောက်ထပ် ပြဿနာတွေ ပေါက်ကွဲထွက်လာမှာကို တအုံနွေးနွေး စိတ်ပူနေကြရဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လော့စ်အန်ဂျလိစ်မှာ ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) အေးဂျင့်တွေက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကိစ္စကို မကျေနပ်လို့ အုံကြွ ဆန္ဒပြရာက ပြဿနာတွေ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

လော့စ်အန်ဂျလိစ်က ဆန္ဒပြပွဲတွေဟာ ဆူပူဖျက်ဆီးမှုတွေ ရောစွက်လာသလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့လည်း ပဋိပက္ခတွေ ဖြစ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖက်ဒရယ် အစိုးရပိုင် အဆောက်အအုံတွေနဲ့ ICE အမှုထမ်းတွေကို ကာကွယ်ဖို့ဆိုပြီး လော့စ်အန်ဂျလိစ်ကို အမေရိကန်ရဲ့ အရန်တပ်ဖွဲ့တွေအပြင် မရိန်းတပ်တွေကိုပါ စေလွှတ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရနဲ့ လော့စ်အန်ဂျလိစ်မြို့ တည်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အစိုးရအဖွဲ့ကြား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။

Public Service Announcement
နောက်ပိုင်းမှာတော့ လော့စ်အန်ဂျလိစ် မြို့တော်ဝန်ရုံးက မြို့လယ်ဧရိယာတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအတောအတွင်း လော့စ်အန်ဂျလိစ်မှာ အထောက်အထားမဲ့ နေထိုင်သူ ၃၃၀၊ ဆန္ဒပြရင်း အကြမ်းဖက်ရန်လို ဖျက်ဆီးမှုတွေ ကျူးလွန်သူ ၁၅၇ ဦးတို့လည်း ဖမ်းဆီး ခံခဲ့ရပါတယ်။ အဲဒီထဲက ၁ ဦးဟာ ရဲအရာရှိတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။
ဖက်ဒရယ် အစိုးရ အရာရှိတွေက လူ ၂ ဦးကိုလည်း ရဲအရာရှိတွေဆီ မိုလိုကော့ဗ် လက်လုပ် ပုလင်းဗုံးတွေနဲ့ ပစ်ခတ်ခဲ့မှုအတွက် စွဲချက်တင်ထားပါတယ်။ လက်ရှိ အခြေအနေ အရတော့ လော့စ်အန်ဂျလိစ်မှာ ဖက်ဒရယ် အစိုးရ စေလွှတ်ထားတဲ့ အရန်တပ်ဖွဲ့ဝင် ၄၀၀၀ နဲ့ မရိန်းစစ်သည် ၇၀၀ တို့ ဖြန့်ကျက်ပြီး ဆူပူဆန္ဒပြမှုတွေကို ဖြိုခွင်းနေပါတယ်။ အဲဒီထဲက တချို့ဟာ မြို့ခံ ရဲတပ်ဖွဲ့တွေက မဖမ်းဆီးခင်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်ဖို့လည်း အခွင့်အာဏာ ရရှိထားပါတယ်။
ကယ်လီဖိုးနီးယားမှာရှိတဲ့ တခြားမြို့တွေရဲ့ မြို့တော်ဝန် ၃၀ လောက် ခြံရံရင်း ဇွန်လ ၁၁ ရက်နေ့မှာတော့ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ်က အခုဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာဟာ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရက ဘောင်ကျော်ပြီး လုပ်ဆောင်ခဲ့တဲ့ စီးနင်း ဖမ်းဆီးမှုတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားသွားပါတယ်။ ရွှေ့ပြောင်းအခြေချသူတွေကို လိုက်ဖမ်းစေခဲ့တဲ့ ထရမ့်ရဲ့ အမိန့်ဟာ လော့စ်အန်ဂျလိစ် မြို့ခံတွေကို ထိတ်လန့် ကြောက်ရွံ့စေခဲ့ကြောင်း သူက ဆိုပါတယ်။
အဲဒီကိစ္စတွေ မတိုင်ခင် လွန်ခဲ့တဲ့ တစ်ပတ်က အရာရာဟာ ငြိမ်းချမ်းနေခဲ့ကြောင်း၊ ထရမ့် စေခိုင်းတဲ့ စီးနင်းဖမ်းဆီးမှုတွေ စလိုက်ချိန် ကတည်းက အရာရာ ခက်ခဲကုန်တာဖြစ်ကြောင်း ဘေ့စ်က ဝေဖန်သွားပါတယ်။
ဘေ့စ်က လော့စ်အန်ဂျလိစ်မှာ ရွှေ့ပြောင်းအခြေချသူတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ ဖက်ဒရယ် အစိုးရရဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာတော့ လော့စ်အန်ဂျလိစ်ရဲ့ အခြေအနေက အတိုင်းအတာ တစ်ခုထိ ပြန်လည် ငြိမ်သက်နေပေမယ့် ထရမ့်နဲ့ ICEကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ အမေရိကန်ရဲ့ တခြားမြို့ကြီးတွေမှာပါ စတင် ပေါ်ပေါက်လာပြီး အခုသီတင်းပတ်ကုန်မှာ ပိုပြီး အင်အားကောင်းတဲ့ ဆန္ဒပြပွဲတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကား: BBC
