ဘရာဇီး တရားရုံး တစ်ခုက သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုကို ခြေကျင်းဝတ်မှာ ခြေရာခံ စောင့်ကြည့် အီလက်ထရောနစ် ကိရိယာ တပ်ဆင်ထားရမယ်လို့ အမိန့်ချလိုက်ပါတယ်။ ဘော်လ်ဆိုနာရိုဟာ နေအိမ်ကနေ ညမထွက်ရဆိုတဲ့ တားမြစ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
လက်ယာစွန်း အမျိုးသားရေး ဝါဒီ သမ္မတဟောင်းဟာ ဘရာဇီးကို ၂၀၁၉ ကနေ ၂၀၂၂ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို ပွတ်ကာသီကာ အရေးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ လူလာက သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခွင့် မရနိုင်အောင် တားဆီးပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုတွေကြောင့် အမှုရင်ဆိုင်နေရတာပါ။ ဘော်လ်ဆိုနာရိုကတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားဘူးလို့ ပြောပါတယ်။
ဘော်လ်ဆိုနာရိုဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် တစ်ဦးလည်းဖြစ်ပြီး ထရမ့်က ဘော်လ်ဆိုနာရိုဟာ နိုင်ငံရေးအရ လုပ်ကြံထိုးနှက်ထားတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်နေရတာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့ကို လွှတ်ပေးဖို့ ဘရာဇီး အစိုးရကို တောင်းဆိုထားပါတယ်။ အဲဒီ တောင်းဆိုမှုကို မျက်ကွယ်ပြုရင် ဘရာဇီးအပေါ် အမေရိကန်က သွင်းကုန်အခွန်တွေ အလုံးအရင်း စည်းကြပ်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဘရာဇီး တရားရုံး အမိန့်အရ ဇူလိုင် ၁၈ ရက်နေ့မှာ ရဲတွေက ဘော်လ်ဆိုနာရိုရဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီး သူ့ကို ထောက်လှမ်းစောင့်ကြည့် ကိရိယာ တပ်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုကတော့ သူဟာ ဘယ်တုန်းကမှ ဘရာဇီးကနေ ထွက်ခွာသွားဖို့ စိတ်ကူးမရှိခဲ့တာကြောင့် တရားသူကြီး အလက်ဇန္ဒား ဒီ မိုရေးစ်ရဲ့ အမိန့်ဟာ သူ့ကို သက်သက် သိက္ခာချတဲ့ သဘောသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ တရားသူကြီးရဲ့ အမိန့်တွေထဲမှာ ဘော်လ်ဆိုနာရိုကို လူမှုကွန်ရက် မီဒီယာတွေ သုံးစွဲခွင့်တွေ ပိတ်ပင်တာလည်း ပါဝင်ခဲ့ပြီး သူ့ရဲ့သား အီဒွာဒို ဘော်လ်ဆိုနာရိုနဲ့ ဆက်သွယ်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။ အီဒွာဒိုဟာ အမေရိကန်မှာ ရှိနေပြီး ဖခင်အတွက် လော်ဘီလုပ်ပေးနေသူ တစ်ဦးပါ။

Public Service Announcement
သမ္မတဟောင်း ဘော်လ်ဆိုနာရိုဟာ ၂၄ နာရီအပြည့် အသွားအလာ စောင့်ကြည့်ခံရမှာ ဖြစ်သလို ညပိုင်းမှာ နေအိမ်အပြင် ထွက်ခွင့်လည်း ရတော့မှာ မဟုတ်ဘူးလို့ တရားသူကြီးက ပြောပါတယ်။ တရားသူကြီး မိုရေးစ်က ဘော်လ်ဆိုနာရိုဟာ သားဖြစ်သူနဲ့ ပူးပေါင်းကြံစည်ပြီး ဘရာဇီးရဲ့ ပြည်သူ့ဝန်ထမ်း အရာရှိတွေကို ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ခံရစေဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ တရားမဝင် လုပ်ဆောင်ခဲ့တယ်လို့လည်း ဝေဖန် စွပ်စွဲခဲ့ပါတယ်။
ဘော်လ်ဆိုနာရိုရဲ့ ရှေ့နေတွေကတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် စိတ်လည်းပျက်၊ ဒေါသလည်း ထွက်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဟောင်းဟာ တရားရုံး အမိန့်တွေကို လေးစား လိုက်နာခဲ့ပေမယ့် ဒီကိစ္စက လွန်ကဲလွန်းတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ဆိုပါတယ်။
ဘော်လ်ဆိုနာရိုဟာ သူ့အပေါ် စွဲချက်တွေနဲ့ ပတ်သက်လို့ တရားရင်ဆိုင် ခုခံနေရဆဲဖြစ်ပြီး စွပ်စွဲချက်တွေထဲမှာ အာဏာသိမ်းဖို့ ကြံစည်တာ၊ လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းဂဏ ဖွဲ့စည်းတာ၊ နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို အကြမ်းဖက်ဖို့ ကြိုးစားတာတွေလည်း ပါဝင်နေပါတယ်။ တကယ်လို့ စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင် အသက် ၇၀ အရွယ် ဘော်လ်ဆိုနာရိုဟာ ထောင်ဒဏ်တစ်သက်ထိ ကျခံရနိုင်ခြေ ရှိနေကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
