close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခုခံတွန်းလှန်ရင်း ယူကရိန်း F-16 တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

ရုရှားဆီက အင်အား အလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကို ခုခံရင်း ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Reuters

ရုရှားဆီက အင်အား အလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုကို ခုခံရင်း ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၈ ရက်နေ့ ညသန်းခေါင်ကျော်နဲ့ ဇွန်လ ၂၉ ရက်နေ့ မနက် အစောပိုင်းမှာ ရုရှားဖက်က ဒရုန်းတွေ၊ ခရုစ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးတွေ အစုအပြုံလိုက် ပစ်ခတ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားဖို့ ကြိုးစားရာက အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တိုက်လေယာဉ်မှူး မက်ခ်ဆင်မ် ယူစတိုင်မန်ကိုရဲ့ ရဲရင့်စွန့်စားမှုကို ချီးကျူးခဲ့ပြီး နိုင်ငံရဲ့ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ ယူကရိန်း သူရဲကောင်းဘွဲ့ကို ချီးမြှင့် အပ်နှင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ကြုံတွေ့ပြီးတဲ့နောက် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေးစွမ်းရည် မြှင့်တင်နိုင်ရေး ပိုမို ထဲထဲဝင်ဝင် ကူညီထောက်ပံ့ပေးကြဖို့လည်း ဇီလန်စကီးက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံအနှံ့က မြို့တချို့မှာ နေအိမ်တွေ၊ အခြေခံ အဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့သလို လူ ၁၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြို့တော် ကိယက်ဗ်မှာတော့ မိသားစု အများအပြားဟာ ဗုံးခိုကျင်းတွေအဖြစ် အားဖြည့်ပြောင်းလဲ တည်ဆောက်ထားတဲ့ မြေအောက် ရထား ဘူတာတွေမှာ လူစုပြီး ပုန်းခိုခဲ့ကြရပါတယ်။ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ တည်ရှိပြီး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရောက်ရှိလာမှု နည်းပါးတဲ့ လာဗစ်ဗ်မြို့မှာတောင် ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့နှစ်မှာ F-16 တိုက်လေယာဉ်တွေကို စတင်အသုံးပြုခဲ့ပြီးတဲ့နောက် အခုအချိန်ထိ အနည်းဆုံး ၃ စီးကို ဆုံးရှုံးထားပြီးပါပြီ။ ယူကရိန်းမှာ စုစုပေါင်း F-16 ဘယ်နှစီး ပိုင်ဆိုင်ထားသလဲ ဆိုတာကို မသိရသေးပေမယ့် ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ် ဟန့်တားရာမှာ အဲဒီလေယာဉ်တွေကို ထဲထဲဝင်ဝင် အသုံးပြုနေပါတယ်။

ယူကရိန်း လေတပ်ရဲ့ အဆိုအရ လေယာဉ်မှူးဟာ ထိခိုက်ထားတဲ့ လေယာဉ်ကို လူနေရပ်ကွက်ပေါ်ကနေ လွတ်ကင်းတဲ့ ကွင်းပြင်တစ်ခုဆီ မောင်းယူသွားခဲ့ပေမယ့် ကိုယ်တိုင် လွတ်မြောက်အောင် ခုန်ထွက်ဖို့ အချိန်မမီခဲ့ဘူးလို့ သိရပါတယ်။

ပျက်မကျခင်မှာ လေယာဉ်မှူး ယူစတိုင်မန်ဟာ ပါသွားသမျှ လက်နက်ခဲယမ်း အားလုံးကို အကုန်အစင် အသုံးပြုပြီး ဝေဟင်ပစ်မှတ် ၇ ခုကို ပစ်ချနိုင်ခဲ့ကြောင်း၊ နောက်ဆုံးတစ်ခုကို ပစ်ချတုန်းမှာ သူ့လေယာဉ်လည်း ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး အရှိန်နဲ့ ထိုးဆင်းလာခဲ့ကြောင်း လေတပ်ရဲ့ Telegram စာမျက်နှာမှာ ဖော်ပြထားပါတယ်။

F-16တွေဟာ ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား ဖြစ်ပေမယ့် လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ တာဝန်မျိုးစုံ ယူနေဖို့ကတော့ မသင့်တော်ဘဲ မနိုင်ဝန် ထမ်းရသလို ဖြစ်နေတယ်လို့ ယူကရိန်း စစ်လက်နက် ပါရဂူ ရိုမန် ဆာဗီတန်က သတိပေးထားပါတယ်။ အထူးသဖြင့် ယူကရိန်းရဲ့ မြို့ကြီးတွေဆီ အုပ်စုလိုက်ကြီး ခပ်နှေးနှေး ပျံသန်းလာတဲ့ ဒရုန်းတွေကို ပစ်ချရာမှာ F-16တွေက သိပ်ပြီး မသင့်တော်လှကြောင်း၊ အဲဒီလေယာဉ်တွေဟာ မြန်နှုန်းမြင့် ပျံသန်းနေတဲ့ ပစ်မှတ်တွေကို အမဲလိုက် ချေမှုန်းရာမှာ ပိုမို ထက်မြက်ကြောင်း သူက ဆိုပါတယ်။

ဇီလန်စကီးရဲ့ အဆိုအရ ကျဆုံးလေယာဉ်မှူး ၂၀၁၄ ခုနှစ် ကတည်းက တိုက်ပွဲဝင် လေသူရဲတစ်ဦး ဖြစ်လာပြီး လေယာဉ် အမျိုးအစား ၄ ခုကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ကြောင်း သိရပါတယ်။

ရုရှားဟာ ညလုံးပေါက်နီးပါး ပစ်ခတ်မှုမှာ ဒရုန်း ၄၇၇ စီးနဲ့ ဒုံးကျည် ၆၀ တို့ကို အသုံးပြုခဲ့ပြီး အဲဒီထဲက ဒရုန်း ၂၁၁ စီးနဲ့ ဒုံးကျည် ၃၈ စင်းကိုတော့ ယူကရိန်းက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ဒရုန်း ၂၅၅ ခုကတော့ jammerလို အီလက်ထရောနစ် နည်းပညာသုံး ကာကွယ်ရေး စနစ်တွေကြောင့် ပျက်ကျခဲ့ပြီး အဲဒီထဲမှာ တကယ်တမ်း ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်မလာဘဲ ယောင်ပြ ပစ်မှတ်တုအဖြစ် ပျံသန်းလာတဲ့ ဒရုန်းတွေလည်း ပါဝင်ခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။

ဇီလန်စကီးက ရုရှားဟာ ယူကရိန်း မြို့တွေကို ဒရုန်းနဲ့ ဒုံးကျည်တွေ အလုံးအရင်း အသုံးပြု တိုက်ခိုက်နေတာတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့လည်း လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲ ရေးသားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာတင် ရုရှားဟာ ယူကရိန်းကို ဒုံးကျည် ၁၁၄ စင်း၊ ဒရုန်း ၁၂၇၀ နဲ့ ပဲ့ထိန်းဗုံးပေါင်း ၁၁၀၀ လောက် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲ ရပ်စဲနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ကြားက အဆိုပြုချက်တွေဟာ လုံးဝဥဿုံ ဆန့်ကျင် ကွဲပြားနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲပြီးတဲ့နောက် အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ကို ရောက်ရှိနေပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ကျဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေ လဲလှယ်မှုကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အနေနဲ့ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဗလာဒီမာ ပူတင်က အီရန် သမ္မတကို ပြောကြားခဲ့ပါတယ်။

Facebook