close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် ဒုတိယ သမ္မတကို ပြည်ပခရီးစဉ်အတွင်း ယာဉ်တိုက်မှုဖြစ်အောင် တရုတ်ကြံစည်ခဲ့တယ်လို့ဆို

သူ့ရဲ့ ချက်နိုင်ငံ ခရီးစဉ် အတောအတွင်း ယာဉ်မတော်တဆမှုဖြစ်အောင် တရုတ်က ကြံစည်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် တုန်လှုပ်မိတာမျိုး မရှိကြောင်း ထိုင်ဝမ် ဒုတိယ သမ္မတက ပြောပါတယ်။

AP

သူ့ရဲ့ ချက်နိုင်ငံ ခရီးစဉ် အတောအတွင်း ယာဉ်မတော်တဆမှုဖြစ်အောင် တရုတ်က ကြံစည်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် တုန်လှုပ်မိတာမျိုး မရှိကြောင်း ထိုင်ဝမ် ဒုတိယ သမ္မတက ပြောပါတယ်။

ထိုင်ဝမ် ဒုတိယ သမ္မတ ရှောင်ဘီကင်ဟာ ပြီးခဲ့တဲ့နှစ်၊ မတ်လတုန်းက ချက်နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ ဒါဟာ ထိုင်ဝမ်မှာ သမ္မတ လိုင်ချင်တေး အာဏာရလာပြီးနောက်ပိုင်း ရှောင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ပရာ့ဂ်မြို့မှာ ရဲအစောင့်အရှောက် ယာဉ်တန်းနဲ့ လေဆိပ်ကနေ ထွက်ခွာလာတဲ့ ရှောင်ရဲ့ကားနောက်ကို တရုတ်သံရုံး ဝန်ထမ်းတစ်ဦးရဲ့ နောက်ကနေ အမြန်နှုန်းမြှင့်ပြီး လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကားဟာ မီးနီပြနေတဲ့ မီးပွိုင့်ကိုပါ ဖြတ်မောင်းခဲ့တယ်လို့ သိရပါတယ်။

အခုသီတင်းပတ်ထဲမှာတော့ ချက်နိုင်ငံရဲ့ ထောက်လှမ်းရေး အရာရှိတွေက နောက်ဆက်တွဲ စုံစမ်းမှုတွေအရ အဲဒီ အနှောင့်အယှက် ပေးမှုဟာ ပိုပြီးကြီးမားတဲ့ အကြံအစည် တစ်ခုရဲ့ အစိတ်အပိုင်းမျိုး ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပရာ့ဂ်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ဝန်ထမ်းတွေနဲ့ ထောက်လှမ်းရေး အရာရှိတွေဟာ ရှောင်လိုက်ပါလာတဲ့ မော်တော်ကားကို မတော်တဆ ယာဉ်တိုက်မှုမျိုး ကြုံရသလို ဖန်တီးဖို့ထိ ပြင်ဆင်ထားခဲ့တယ်လို့ ချက်ထောက်လှမ်းရေး အသိုက်အဝန်းက ဆိုပါတယ်။

ရှောင်က အဲဒီ ခရီးစဉ် အတောအတွင်း သူ့လုံခြုံရေးအတွက် သေချာ စောင့်ရှောက်ပေးခဲ့တဲ့ ချက်အာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း ဇွန်လ ၂၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ (CCP)ရဲ့ တရားလက်မဲ့ လုပ်ရပ်တွေကြောင့်တော့ သူဟာ နိုင်ငံတကာ အသိုက်အဝန်းမှာ ထိုင်ဝမ်ရဲ့ အကျိုးစီးပွားတွေအတွက် ထုတ်ဖော် ပြောဆိုနေမှုတွေကနေ ကြောက်ရွံ့ တွန့်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ရှောင်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ချက်နိုင်ငံ စစ်ထောက်လှမ်းရေး အကြီးအကဲ ပီတာ ဘာတော့ဗ်စကီးက ပြည်တွင်း ရေဒီယို တစ်ခုနဲ့ အင်တာဗျူး လုပ်ခဲ့ရာမှာ ရှောင်ရဲ့ ယာဉ်တန်းနောက် တရကြမ်း မောင်းပြီး လိုက်လာတဲ့ မော်တော်ကားကို ယာဉ်ထိန်းရဲတွေက တားဆီးခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးတွေက နောက်ဆက်တွဲ စုံစမ်းကြည့်တဲ့အခါ အစီအစဉ်က အဲဒီလောက်ထိ မရိုးရှင်းခဲ့ဘဲ တရုတ် သံရုံးဟာ ရှောင်ကို ကာယကံမြောက် ထိခိုက်စေဖို့ထိ ရည်ရွယ်ထားခဲ့တယ်ဆိုတာ ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း သူက ဆိုပါတယ်။

အဲဒီကိစ္စကို စုံစမ်းခဲ့သူ ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်တဲ့ ယန်ပါဆက်ခ်ကလည်း တရုတ် ထောက်လှမ်းရေးတွေဟာ ချက်အာဏာပိုင်တွေက အကာအကွယ် ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ယာဉ်တိုက်မှု ဖြစ်စေမယ့် အခြေအနေတွေ ဖန်တီးဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ စီစဉ်ထားတဲ့ အဆင့်ထက်တော့ ပိုပြီး ခရီးမရောက်ခဲ့ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ထိုင်ဝမ်ရဲ့ တရုတ်ရေးရာ ကောင်စီကတော့ အဲဒီကိစ္စကို ဇွန်လ ၂၇ ရက်နေ့မှာ ရှုတ်ချကြောင်း ကြေညာခဲ့ပြီး ဒုတိယ သမ္မတ ရှောင်ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အကြီးအကျယ် ခြိမ်းခြောက်တဲ့ ကိစ္စအတွက် တရုတ်ဖက်က ဖြေရှင်းချက်ပေးပြီး တောင်းပန်ဖို့လိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကောင်ကျီကွမ်ကတော့ တရုတ်ရဲ့ သံအရာရှိတွေဟာ အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေ စည်းမျဉ်းတွေကို အမြဲတမ်း လေးစား လိုက်နာတယ်လို့ တုံ့ပြန်ပြီး ချက်အစိုးရကသာ ရှောင်ရဲ့ ခရီးစဉ်ကို ခွင့်ပြုပေးခဲ့ခြင်းက တရုတ်ပြည်တွင်းရေးကို ဆိုးဆိုးရွားရွား ထိပါး နှောင့်ယှက်ခဲ့တာလို့ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ ရှောင်ကိုလည်း ခွဲထွက်ရေးဝါဒီ တစ်ဦးအဖြစ် ကောင်က စွပ်စွဲခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်အစိုးရကိုလည်း ခွဲထွက်ရပ်တည်ဖို့ လုံးဝ မကြိုးစားဖို့ တင်းတင်းမာမာ ရာဇသံ ပေးထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ပြည့်ဝထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးသန့် ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ