အမေရိကန်မှာ တောမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်ဝန်ထမ်းတွေကို စနိုက်ပါနဲ့ ချောင်းပစ်လို့ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ်ဒါဟို ပြည်နယ်ထဲက ကူအာဒီ အယ်လင်း မြို့နားမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ် ဝန်ထမ်းတွေကို အနီးတဝိုက် ခြုံနွယ်တွေထဲကနေ စနိုက်ပါ ရိုင်ဖယ်နဲ့ ချောင်းမြောင်း ပစ်ခတ်တာ ဖြစ်ပါတယ်။ အကူအညီ ပေးဖို့ ရောက်သွားတဲ့ ရဲတွေလည်း စနိုက်ပါနဲ့ စောင့်ကြို ပစ်ခတ်တာ ခံရပြီး အခြေအနေက အရမ်း ရှုပ်ထွေးနေတယ်လို့ မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဘော့ဘ် နောရစ်က ပြောပါတယ်။
သူက ရဲတပ်ဖွဲ့ဝင်တွေကို တုံ့ပြန် ပစ်ခတ်ခွင့် ပြုထားပြီး သေနတ်သမားကို ရှင်းလင်း သုတ်သင်နိုင်ရေး ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၂ ဦးက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမယ့် မီးသတ်သမားတွေလို့ ယုံကြည်ရကြောင်း နောရစ်က မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး တောမီးကြောင့် အနီးတဝိုက် ဧရိယာတွေကနေ ရှောင်တိမ်းလာတဲ့ ဒေသခံတွေကလည်း အဲဒီနေရာကို ရောက်လာတာကြောင့် ရဲတွေက သူတို့ကို ရှင်းလင်းဖို့ အပူတပြင်း လုပ်ဆောင်နေရပါတယ်။ မီးသတ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စနိုက်ပါသမားက တစ်ယောက်တည်းလား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပေမယ့် ကျည်အား ပြင်းထန်တဲ့ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်နေတာလို့ နောရစ်က ဆိုပါတယ်။

Public Service Announcement
လောလောဆယ် သေဆုံးသူ ၂ ဦးကို စာရင်းရထားပေမယ့် အသေအပျောက် ဘယ်လောက်ထိ များသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။
သူ့အနေနဲ့ ရဲတစ်ယောက်ယောက်က တရားခံကို ထိထိရောက်ရောက် တုံ့ပြန်ပစ်ခတ်ပြီး ခြိမ်းခြောက်မှုကို ရှင်းလင်းပစ်လိုက်နိုင်ဖို့ပဲ မျှော်လင့်ထားတော့ကြောင်း၊ လောလောဆယ်မှာ သေနတ်သမားဟာ အလျှော့ပေး အဖမ်းခံမယ့် အရိပ်အယောင် လုံးဝ မတွေ့ရတာကြောင့် သူ့ကို ရှင်းလင်းပစ်ဖို့သာ လုပ်ရတော့မှာဖြစ်ကြောင်း နောရစ်က ပြောပါတယ်။
အစ်ဒါဟို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘရတ်ဒ် လစ်တဲလ်က မီးသတ်သမား တော်တော်များများဟာ သေနတ်သမားရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ ကြုံခဲ့တယ်လို့ ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ပြည်နယ်ရဲ့ ရဲရင့်ပြီး ကိုယ်ကျိုးစွန့်ထားတဲ့ မီးသတ်သမားတွေအပေါ် ရိုင်းစိုင်းယုတ်မာစွာ တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့ သူက ဝေဖန်သွားပါတယ်။
နိုင်ငံတကာ မီးသတ်ဌာနများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဒွပ်ကယ်လီကတော့ တတိယမြောက် မီးသတ်သမားတစ်ဦး သေနတ်ဒဏ်ရာ ရထားတယ်ဆိုတဲ့ သတင်းကို လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် ညီအစ်နှစ်ဦးဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ကြောင်း၊ နောက်တစ်ယောက်က ခွဲစိတ်မှု ခံယူနေရဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။
လောလောဆယ် မြို့နားက တောမီးဟာ အရှိန်ပြင်းပြင်း ဆက်လက် လောင်ကျွမ်းနေပြီး မြို့ခံ မီးသတ်တပ်ဖွဲ့က ထိန်းချုပ်ဖို့ အရင်းအမြစ် မလုံလောက်ဘဲ ဖြစ်နေတယ်လို့လည်း နောရစ်က ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်ရဲ့ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ဟာ အခင်းဖြစ်တဲ့ နေရာကို နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း အကူအညီပေးဖို့ အဖွဲ့တွေကို စေလွှတ်ထားကြောင်း FBI လက်ထောက် ဒါရိုက်တာ ဒန်ဘိုဂီနိုက ပြောပါတယ်။
အခင်းဖြစ်တဲ့ နေရာကို တိုက်ခိုက်မှုတွေ ကြုံနိုင်ခြေ ဆက်ရှိနေဆဲ၊ အရမ်းအန္တရာယ်များတဲ့ နယ်မြေအနေနဲ့ သတ်မှတ်ထားဆဲလို့ သူက ဆိုပါတယ်။
တောမီးတွေ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ ကန်ဖီးလ်တောင်ဟာ ကူအာဒီ အယ်လင်း မြို့ပြင်နားမှာ တည်ရှိပြီး အပျော်တမ်း တောတွင်း လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေကြားမှာ အထူးထင်ရှားတဲ့ နေရာတစ်ခုလို့ သိရပါတယ်။
ကိုးကား: Sky
