close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ထောင်အတွင်း ကျဆုံးမှု လွှတ်တော်များ နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဝမ်းနည်းကြောင်းပူးတွဲထုတ်ပြန်

​ဒေါ်​အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်အပါအဝင်နိုင်ကျဥ်းများအားလုံး လုံ​လောက်စွာ​​ဆေးကုသခွင့်မရခြင်း၊အသက်အန္တရာယ်ခြိမ်း​ခြောက်ခံရမှုများ​ကြောင့် အလွန်စိုးရိမ်ပူပန်​ကြောင်း​ဖော်ပြ

ဇွန်-၂၉၊၂၀၂၅။ထားမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးခံခဲ့ရသော မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းကျဆုံးခဲ့ရမှု မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများက ယနေ့ပူးတွဲထုတ်ပြန်ကြေညာသည်။

ဦးအောင်ကျော်ဦးသည် အကျဉ်းထောင်အတွင်း လုံလောက်သည့်ဆေးဝါးကုသခွင့်မရသည့်အတွက်ဇွန်လ(၂၇)ရက်နေ့တွင်ကျဆုံးခဲ့ရာစိတ်ထိခိုက်ရဟုလည်းဖော်ပြထားသည်။

ဦးအောင်ကျော်ဦးသည် ပြည်သူအပေါ်သစ္စာရှိရှိဖြင့် နိုင်ငံရေးယုံကြည်ချက်ကို မြဲမြံစွာဆုပ်ကိုင်ပြီး အမှန်တရားအတွက် အသက်ခန္ဓာကြွေလွင့်သည့်တိုင် ဦးလည်မသုန်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနှင့် ၎င်း ကျဆုံးခဲ့ခြင်းသည်မန္တလေးပြည်သူလူထုအတွက်သာမက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ယုံကြည်ချက်အပြည့်ဖြင့် တော်လှန် တိုက်ပွဲဝင်နေကြသော ပြည်သူလူထုတစ်ရပ်လုံးအတွက် နစ်နာဆုံးရှုံးမှုကြီးဖြစ်သည်ဟုသ​ဘောထားထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ၁၄၅ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စု လက်ချက်ကြောင့် ဦးအောင်ကျော်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅ဦး သေဆုံးခဲ့ရဟု အသိပေးသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည်လည်း၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်လည်းကောင်း မန္တလေးအိုးဘိုထောင်တွင်မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရစဉ်ကျဆုံးခဲ့သည်။

စစ်တပ် အာဏာသိမ်းစဉ်ကတည်းကမတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းနှင့်ယင်းတို့၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူစိုးရိမ်ပူပန်​ကြောင်းလည်းပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားပြုကော်မတီများက ထုတ်ပြန်သည်။

စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခြင်း၊ တရာမဲ့ကြိုးပေးကွပ်မျက်ခြင်း၊အကျဉ်းထောင်များအတွင်းလုံလောက်သောဆေးဝါးကုသမှု နှင့် လုံလောက်သောအစာအဟာရများမရရှိခြင်းတို့ကြောင့် မလိုလား အပ်ဘဲသေဆုံးခြင်း၊ အကျဉ်းထောင်အတွင်း အကြောင်းမဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခြင်း၊ အကျဉ်းထောင်ပြင်ပသို့ ထုတ်ကာသတ်ဖြတ်ခြင်း၊ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်ခေါ် ဆောင်အသုံးချပြီး သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခြင်း၊ ပြည်သူ့ရပ်ရွာ များအတွင်း လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြရသော ပြည်သူများစွာရှိဟုလည်း ဖော်ပြသည်။

စစ်ကောင်စီကျူးလွန်ခဲ့သော ဥပဒေမဲ့လုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ဟု ဖော်ပြပြီး နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေသော မင်းအောင်လှိုင်ခေါင်းဆောင်သည့် အာဏာလု အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေများအား လုံးဝ ခွင့်လွှတ်မည်မဟုတ်ကြောင်း နှင့် ကျူးလွန်ခဲ့မှုများအပေါ် တာဝန်ခံကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားကြရသော နိုင်ငံရေးအကျဉ်း သားများအား ထောင်တွင်းအကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လုံလောက်သော ဆေးဝါးနှင့် အစာအဟာရ မရရှိမှုတို့ကြောင့် မလိုလားအပ်ဘဲ အသက်သေဆုံးနေကြရမှုများအတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး တရားမျှတမှုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုကြေညာချက်ကိုစစ်ကိုင်း နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာ၀တီတိုင်းလွှတ်တော်၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းစသည့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

Facebook