ဇွန်-၂၈၊၂၀၂၅။ယောနသံ/People’s Spring
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်အကွာရှိ လျှို့ဝှက်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍အဓိကတာဝန်ယူကြရမည့်အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းက ယနေ့ထုတ်ပြန်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်( ၂၂.၅ကီလိုမီတာ)အကွာအဝေးတွင်ရှိသည့် စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ရုံးစိုက်သည့်နေရာတွင် လုံခြုံရေးတင်းကြပ်စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း၊ ထိုနေရာသည် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရုံးထိုင်သည့်နေရာနှင့် မဝေးဘဲလက်ရှိအချိန်တွင် ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူမှ တာဝန်ယူဦးစီးနေသည်ဟု MPWက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည်သွားနှင့်ပတ်သက်သည့်ဝေဒနာ၊နှလုံးနှင့်ပတ်သက်သည့် ဝေဒနာနှင့် အသက်အရွယ်အရ သက်ကြီးပိုင်းတွင်ဖြစ်လေ့ရှိသော ကျန်းမာရေးဝေဒနာများလည်း ခံစားနေရပြီး လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျ ကုသခွင့်မရရှိဘဲ စစ်ကောင်စီခွင့်ပြုထားသည့် ဆရာဝန်နှင့်ဆေးမှူးများမှတဆင့် ဆေးမီးတိုနည်းဖြင့်သာကုသခွင့်ပေးနေသည်ဟု ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင်မိသားစုနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပိတ်ပင်ခံထားရသည့် တစ်ဦးတည်းသော နိုင်ငံရေးအကျဉ်းသားဖြစ်ပြီးစစ်ကောင်စီသည်ဒေါ်အောင်ဆန်းစုကြည်အား ရည်ရွယ်ချက်ရှိရှိနှင့်စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေသည်ဟုMPWက ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်အားစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေရန် လှုံ့ဆော်သည်ဟူ၍ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇)၊ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈)၊သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ရွေးကောင်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးသည်ဟုသော စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးအက်ဥပဒေပုဒ်မ ၁၃၀-က၊ နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ NLDအစိုးရလက်ထက် သဘာဝဘေးကယ်ဆယ်ရေးအတွက် အီတလီထုတ်ရဟတ်ယာဉ်တစ်စီး ငှားရမ်း၊ဝယ်ယူ၊ပြင်ဆင်သုံးစွဲခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးအမှုအမှတ် ၄၆မှ ၅၀အထိစွဲဆိုထားပြီးမတရားအမိန့်များဖြင့် စုစုပေါင်း ထောင်ဒဏ်(၃၃)နှစ်ထိအမိန့်ချမှတ်ခဲ့သည်။
၂၀၂၃ ဩဂုတ်လ(၁)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုအမိန့်ချထားသည့် ပုဒ်မများထဲမှ သဘာဝဘေးပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)စသည့် အမှုလေးမှုကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ခံထားရဆဲဖြစ်သည်။
အဆိုပါ အမိန့်များချမှတ်ရာတွင်ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်၊ ဒဏ္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်၊ မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီး ဦးမြင့်သန်းနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေတို့မှ စစ်ကောင်စီဆန္ဒအတိုင်း တသွေမသိမ်းလိုက်ပါဆောင်ရွက်ခဲ့ကြသည်ဟု MPWက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စရပ်များတွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်(လက်ရှိ အနားပေးခံထားရ)၊ပြည်ထဲရေးဝန်ကြီးဟောင်း ရာပြည့်(လက်ရှိ နယ်စပ်ရေးရာဝန်ကြီး)၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်၊ကစထ(၆)မှူးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်း၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် မျိုးဆွေ(လက်ရှိ)၊ နေပြည်တော်အချုပ်ထောင်ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင်ဦးကျော်သူရ၊ ဦးစီးအရာရှိဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်မင်းထိုက်၊ ဦးစီးအရာရှိ သိင်္ဂီမြင့်လက်ထောက်ကြီးကြပ်ရေးမှူးမေသူအောင် တာဝန်ခံရမည်ဟုMPWက ထုတ်ပြန်သည်။အခြားပါဝင်ပတ်သက်၍ စစ်ခေါင်းဆောင်အလိုကျ ဆောင်ရွက်သူများလည်း များစွာရှိနေဆဲဟု အသိပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီမှ မတရားချုပ်နှောင်ထားမှု၊ အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနှင့် စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းမှ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ပြုလုပ်ရန်နှင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာခေါင်းဆောင်များထံသို့လည်း အောက်ပါ အချက် ၄ချက်ကို တောင်းဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လွှတ်ရေးနိုင်ငံတကာခေါင်းဆောင်များအနေဖြင့် စုပေါင်းတောင်းချက်ထုတ်ပြန်ပေးရန်၊ မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်အပေါ် သံတမန်ရေးဖိအားပေးခြင်းအပြင် စစ်ခေါင်းဆောင်များနိုင်ငံပြင်ပသွားလာမှုများကိုကန့်သတ်ခြင်းပြုရန်၊ဒေါ်အောင်ဆန်းစုကြည်အားလွတ်လပ်သောလူ့အခွင့်အရေးအဖွဲ့များနှင့် ICRC မှချက်ချင်းသွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်၊ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းချိုးဖောက်ခံထားရသည့် မိသားစုဝင်(သို့)သက်ဆိုင်သူများနှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို အကျဉ်းသားအခွင့်အရေးအရ အပြည့်အဝပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင်များအားဖိအားပေးဝောာင်းဆိုပေးရန်တို့ကို MPWကတောင်းဆိုထားသည်။
မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းသည် အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများကို စောင့်ကြည့်ခြင်း၊ အကျဉ်းထောင်စနှစ်များအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်မှုပေးခြင်းများ အဓိက ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏လက်ရှိအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း”ကျန်းမာရေးဆိုးရွားတဲ့အခြေအနေဖြစ်နေလားဆိုတာမသိရလောက်အောင်ထိ လျှို့ဝှက်ထားတာ အင်မတန်စိုးရိမ်းစရာကောင်းနေပါတယ်” ဟုပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးထိန်းသိမ်းထားသည့် ဖြစ်စဉ်၌ပါဝင်နေသူများအားလုံး ထိုက်သင့်သည့်ပြစ်ဒဏ်များပြန်လည်ပေးနိုင်ရေးနိုင်ငံတကာအသိုင်းအဝိုင်းမှလည်းအာရုံစိုက်တောင်းဆိုရန်ကိုသိုက်ထွန်းဦးက တိုက်တွန်းသည်။
စစ်ကောင်စီကဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် ဇွန်လ၁၉ရက်နေ့က အသက် ၈၀ပြည့်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်မြန်မာလူထုကလည်း မွေးနေ့ဆုတောင်းသိန်းချီ၍ ပေးပို့ခဲ့သည်။ မွေးနေ့ဆုတောင်းသူများကိုလည်း စစ်ကောင်စီကဖမ်းဆီးနေများပြီးပြုလုပ်ခဲ့သည်။
အင်ဖိုဂရပ်-Myanmar Prison Witness (MPW)
