ဇွန်-၂၇၊၂၀၂၅၊DEE/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာ ဒီကနေ့ တနေကုန်တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုထိုးစစ်အတွက် ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲတွေကိုပါထုတ်ပြီး အသုံးပြုနေတယ်လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အင်အားတကယ်ချည့်နေပြီ။ စုပေါင်း၊စပ်ပေါင်းနဲ့ ဟန်ရေးလုပ်ဖို့၊ သိက္ခာဆယ်ဖို့ အသေခံထိုးခိုင်းနေတာ”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement
ဇွန် ၂၇ ရက် နံနက်အစော၂နာရီခွဲကတည်းက တစ်နေ့လုံးတိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒီကနေ့မှာ လုံစံ၊လုံဝယ်၊ နောင်လင်၊ နောင်ဩ၊နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေတယ်လို့လည်း ပြောပါတယ်။
“မခန့်မှန်းနိုင်ဘူး။ ထိတာကများတာက တော်တော်များတယ်”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ နောင်ချိုမြို့နယ်က နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတွေမှာ ဇွန်လ ၂၆ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီး (၇၀)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန် ၂၇ ရက်မှာ စစ်တပ်က နောင်သြနဲ့နောင်လင်ကျေးရွာကို သိမ်းရတယ်ဆိုပြီးလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန် တယ်လီဂရန်ချန်နယ်တွေကဝါဒဖြန့် ရေးသားနေကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ DPLAကို မေးမြန်းရာ “မဟုတ်ဘူး”လို့ ဖြေကြားပါတယ်။
နောင်ချိုထိုးစစ်အတွက် စစ်တပ်က အင်အား ၆၀၀၀ ခန့်အသုံးပြု ထိုးစစ်ဆင်လာနေတယ်လို့DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းထားပါတယ်။
TNLAရဲ့ပြောရေးဆိုခွင့်ရှိသူလွေးယေဦးကလည်းဇွန်လ ၂၆ရက်မှာ”လတ်တလောမှာတော့စစ်ကောင်စီသည် တောင်းခမ်းမှာလည်း စစ်အင်အားတွေ ဖြည့်တင်းပြီးတော့မှ တိုက်ခိုက်တာမျိုးရှိသလို အခြားတစ်ဖက်မှာလည်း ပြင်ဦးလွင်ကနေတစ်ဆင့် တတ်လာပြီး အင်အားဖြည့်တင်းတာမျိုးတွေရှိတယ်။ ကျောက်ဂူကနေတဆင့် အင်အားဖြည့်တင်း နေတာမျိုးလည်းရှိပါတယ်။ ပြီးတော့ လေကြောင်းကနေတဆင့် လက်နက် ခဲယမ်းတွေဖြည့်တင်းတာမျိုးလည်းရှိပါတယ်။ကျွန်မတို့ကတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိကတော့ အင်အားတော်တော်များများကတော့ ရှိနေပြီလို့ ပြောလို့ရတယ်။အတိအကျ ကျွန်မတို့မပြောနိုင်ပေမယ့် ထောင်ဂဏန်းအထက်တော့ရှိမှာ ဖြစ်တယ်”လို့ လူထုနွေဦးကို ပြောပါတယ်။
နောင်ချိုမြို့ဟာ စစ်ရေးဗျူဟာအရ အလွန်အရေးပါနေလို့ စစ်တပ်အတွက် နောင်ချိုရရင် အဲဒေသကို အခြေပြုပြီး ရှမ်းမြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
တောင်းခမ်းကစစ်တပ်ဟာ နောင်ချိုမြို့ဆီကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေသလိုမန္တလေး−လားရှိုးလမ်းပိုင်းက ပြင်ဦးလွင် − ဝက်ဝံ − ဘန့်ဘွေးဘက်ကနေလည်း စစ်ကြောင်းတစ်ကြောင်းတစ်ကြောင်း ထိုးနေတာပါ။
တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းနဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးနေပါတယ်။
တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းဟာ လမ်းတကြောက ကျေးရွာတွေကို စစ်ကြောင်းထိုးဆက်တိုက်သိမ်းပိုက်လာပြီး ကံကြီးရွာအထိရောက်လာပါတယ်။ကံကြီးကနေ တိုက်ခိုက်ခံရလို့ ချက်ချင်းနောက်ပြန်ဆုတ်ပေးခဲ့ရပါတယ်။
လက်တလောမှာတော့ ကံကြီးရွာနားက သရက်ချို၊ လုံဝယ်၊လုံစံ၊နောင်သြ၊နောင်လင်၊နောင်တော၊ရွှေသွန်းစတဲ့ကျေးရွာတွေနားမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
ဒါ့အပြင် မန္တလေး−လားရှိုးလမ်းပိုင်းက ပြင်ဦးလွင် −ဝက်ဝံ-ဘန့်ဘွေးဘက်ကနေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအုမ္မသီး၊ရေမောင်းတန်းနဲ့ ဆမ္မဆယ်ကျေးရွာတွေနားမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။
