စစ်အုပ်စုက မတရားဖမ်းဆီးထားသော အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့(ဇွန်၁၉ရက်)တွင်အသက်၈၀ပြည့်ပြီဖြစ်သည်။
စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးမှုများကြားကပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် နိုင်ငံတစ်ဝန်းကလူထုလူတန်းစားအသီးသီးကပုံစံမျိုးစုံဖြင့် မွေးနေ့ဆုတောင်းစကားများပေးပို့နေကြသည်။
ထိုအထဲတွင် အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏မွေးနေ့လက်ဆောင်ကတမူထူးခြားနေသည်။

Public Service Announcement
ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းကို ဇွန်လ ၁၉ ရက်တွင်ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အသက်(၈၀) မွေးနေ့ လက်ဆောင်အဖြစ် သိမ်းပိုက်ဂုဏ်ပြုနိုင်ခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်း၊ ကျားသစ်နက်တပ်မတော်က ယနေ့ သတင်းထုတ်ပြန်လာသည်။
ပုလဲမြို့နယ်မှ အကြီးဆုံးစစ်ကောင်စီစခန်းဖြစ်သည့် ကမ်းဒေါင့်စခန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၏စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ PDF၊ABSDF နှင့် ပူးပေါင်းတပ်များက ဇွန်လ၂ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မဟာမိတ်တပ်ပေါင်းစုနှင့်အတူတကွပူးပေါင်း၍ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်ရင့် မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယများ ပေးဆပ်စွန့်လွှတ်မှုများဖြင့်ဇွန်လ ၁၉ ရက်နံနက် ၆ နာရီ ၄၀ မိနစ်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု PLAက ထုတ်ပြန်ထားသည်။
ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်းကျားသစ်နက်တပ်မတော်ကသတင်းထုတ်ပြန်ရာ၌ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) မွေးနေ့လက်ဆောင်ဖြစ်သည်ဟုဖော်ပြထားသည်။
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို ဇွန် ၁၉ ရက်တွင်အပြီးသတ်သိမ်းပိုက်မည်ဟု ယုံကြည်ချက်ဖြင့် တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်သော်လည်း ကျားသစ်နက်တပ်မတော်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ချစ်ခင်မြတ်နိုးမှုကို မြင်တွေ့ရသည်ဟု တိုက်ပွဲ၌ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
“သူတို့က လူထုခေါင်းဆောင်ကို လက်ဆောင်ကောင်းကောင်းပေးချင်ကြတာကို။ဒါကြောင့်ဒီလိုသတင်းထုတ်ပြန်တယ်လို့ကျွန်တော်မြင်တယ်” ဟု အထက်ပါရဲဘော်ကပြောသည်။
ထုတ်ပြန်ချက်အသေးစိတ်တွင်စခန်းသိမ်းတိုက်ပွဲကို ၁၈ရက်အကြာဖော်ဆောင်ခဲ့ပြီး PLA ၏ ကွပ်ကဲမှုတွင်အင်တိုက်အားတိုက်ဝင်ရောက်ဆင်နွှဲခဲ့သည်ဟုကျားသစ်နက်တပ်မတော်ကဖော်ပြထားသည်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်လည်းလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့တွင် ကန့်ဒေါင့်စခန်းအားPLA နှင့်ABSDFအပါအဝင်မဟာမိတ်များမှ အောင်မြင်စွာသိမ်းပိုက်နိုင်မှုအပေါ်ဂုဏ်ယူကြောင်းဖော်ပြထားသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကျဆုံးခဲ့သည်။ လက်ရှိအထိသတင်းထုတ်ပြန်ချက်များအရ ကျားသစ်နက်တပ်မတော်မှ ရဲဘော်ကျော်ကြီးကျဆုံးခဲ့ပြီး ၎င်းသည် တိုင်းပြည်နင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။
ထို့အပြင် စခန်းသိမ်းတိုက်ပွဲပါဝင်ဆင်နွှဲခဲ့သည့် ABSDF ကျောင်းသားတပ်မတော်မှ ရဲဘော်သုံးဦး မှာလည်းဇွန်လ၁၇ရက်က တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်၍ကျဆုံးခဲ့သည်။
ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့နယ်မှ မကွေးတိုင်း ဂန့်ဂေါမြို့သို့ သွားသော လမ်းပိုင်းပေါ်တွင်ရှိပြီး ပုလဲမြို့နှင့် (၁၄)မိုင်ကွာဝေးသည်။ကန့်ဒေါင့်ရွာ၏ အရှေ့ဘက်တွင်ရှိသော ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို စစ်တပ်ကတပ်စွဲပြီးအခိုင်အမာပြုလုပ်ထားသော စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိသည်။ ထိုအပြင် စစ်တပ်က စစ်ကူအကြိမ်ကြိမ်ပို့ပြီး လေကြောင်းမှ ရက်ပေါင်းများစွာ ဗုံးကြဲ၍ ခုခံခဲ့သည်။
ပုလဲမြို့နယ်ထဲမှ ပျူစောထီးရွာများထဲတွင်အဓိကကျလှသောစခန်းဖြစ်သွ ။ထို့အပြင်ပုလဲမြို့နယ်က နာမည်ကြီးပျူစောထီးရွာများဖြစ်သောအင်မထီး၊ဇီးဖြူကုန်းရွာ များနှင့် တြိဂံပုံ တည်ရှိပါသည်။ အဆိုပါနယ်မြေကိုတော်လှန်ရေးတပ်များက စိုးမိုးနိုင်ရန် အရေးပါသော စခန်းဖြစ်သည်။
ထိုကြောင့်စခန်းမကျရန် စစ်ကောင်စီက စစ်ကူများစွာပို့ခဲ့သလို ၊လေကြောင်းမှအပြင်းအထန်ခုခံသည့်ကြားမှ အညာမှတော်လှန်ရေးတပ်ဖွဲ့ဝင်များကသတ္တိပြောင်မြောက်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ကန့်ဒေါင့်ရွာရဲစခန်းအပြင် NUG ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PDF ခရိုင်တပ်ရင်းများ ၊ပကဖ များက ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်းကို ဇွန် ၁၀ ရက်မှာစ၍ ယနေ့အထိတိုက်ခိုက်နေဆဲဖြစ်သည်။
ကန့်ဒေါင့်ရဲစခန်း နှင့် ဇီးဖြူကုန်းပျူစခန်းများကို တိုက်ခိုက်နေသောဇွန် ၁၀ ရက်တွင် ဗုံးလကြဲသော စစ်တပ်၏ တရုတ်နိုင်ငံထုတ် F-7 တိုက်လေယာဥ်မှာလည်းမြေခခဲ့သည်။ PLA က ပစ်ချခဲ့ခြင်းဟုထုတ်ပြန်ပြီး အခြားတော်လှန်ရေးအဖွဲ့များက ပျက်ကျခြင်းဟုထုတ်ပြန်ထားကြသည်။ ထို့ကြောင့် ကန့်ဒေါင့်ရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်စခန်းတစ်ခုထက်ပို၍ စစ်ကောင်စီအတွက် ဆုံးရှုံးမှုကြီးမားခဲ့သည်။
ထိုကြောင့် တိုက်ပွဲတွင်ပါဝင်ခဲ့သော ကျားသစ်နက်စစ်ကြောင်းမှ PDF တပ်ဖွဲ့ဝင်များက လူထုခေါင်းဆောင်မွေးနေ့လက်ဆောင်အဖြစ် အောင်ပွဲ ရယူနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူနေကြသည်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနိုင်ငံတော်အာဏာကိုမတရားသိမ်းယူပြီးနောက် စစ်ကောင်စီကဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်သူများအပြင်နိုင်ငံတကာသံရုံးများကလည်း ယနေ့ တောင်းဆိုနေကြသည်။ ။
