ဇွန်-၂၈၊၂၀၂၅။ထားမြတ်/People’s Spring
နွေဦးတော်လှန်ရေးတွင် စစ်တပ်ကိုခုခံတိုက်ခိုက်နေသော တော်လှန်ရေးအဖွဲ့များ တစ်ဖွဲ့ မှ မတက်ရောက်ဘဲ စစ်တပ်ကိုမတိုက်သည့် လက်နက်ကိုင်အဖွဲ့များသာတက်ခဲ့သောနေပြည်တော်မှငြိမ်းချမ်းရေးဖိုရမ်သည် အမှန်တကယ် ငြိမ်းချမ်းရေးအတွက်ထိရောက်ခြင်းမရှိဘဲ စစ်ကောင်စီ ရပ်တည်နိုင်ရေး၊ အာဏာရယူရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှတာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ ဖိုရမ်သည် ငြိမ်းချမ်းရေးထက် ပဋိပက္ခနှင့် အဆိုးဘက်သို့ ပိုမို တွန်းပို့စေသလို ဖြစ်စေမည်ဟု ၎င်းတို့ကသတိပေးသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အဖွင့်မိန့်ခွန်းပြောခဲ့ပြီးဇွန်လ ၂၅ရက်မှ ၂၇ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ် နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်

Public Service Announcement
ရေးအစိုးရ(NUG) နှင့် စစ်ကောင်စီကို ခုခံတော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များ၏ သဘော
ထားကို မေးမြန်းရာထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်
သည်။
ထိုအပြင်စစ်ကောင်စီနှင့်ပူးပေါင်းပြီးရွေးကောက်
ပွဲ ကျင်းပရေး လေသံပစ်နေကြသူများ၏ လုပ်ရပ် မှာ ဖောက်ပြန်သောလုပ်ရပ်ဖြစ်ကြောင်းတော်
လှန်ရေးအင်အားစုများက ပြောကြားခဲ့သည်။
“စစ်ကောင်စီရဲ့အပြောနဲ့လုပ်ရပ်က အကုန်လုံးက ဆန့်ကျင်ဘက်ချည်းပဲ သွားနေတဲ့အခါကျတော့ သူဘာပဲ လုပ်လုပ် ဘာမှ ဖြစ်လာလည်းမဟုတ်ပါဘူး။စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ အထူးသဖြင့် ရွေးကောက်ပွဲလုပ်ဖို့ ပြောဆိုတဲ့သူတော်တော်များများ တွေ့နေရတယ်။ ဒါပေမဲ့လည်း ဒါကလည်း ဖောက်ပြန်တဲ့သူတွေပဲ ပြောနေတာ အများစုတွေ့နေရတယ်လေ။” ဟု ကရင်အမျိုးသားအစည်း
အရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို တဇွတ်
တိုးဆက်လုပ်သွားမည်ဆိုပါကရလဒ်မှာ အ
ကောင်းထက် အဆိုးသာပိုများမည်ဟု ၎င်းကဆက်ပြောသည်။
“ရလဒ်ကတော့ အကောင်းထက် အဆိုးပဲပိုများမယ်။ အဲဒီဟာကိုလည်းသူတို့ဆက်ပြီးတော့ ရင်
ဆိုင်ကြုံတွေ့နေရအုံးမှာပါပဲ။ကျနော်တို့ကတော့ အဲဒါကို လုံး၀လည်း စိတ်မဝင်စားပါဘူး ကိုယ်လုပ်ရမယ့်အလုပ်ကိုတော့ တစိုက်မတ်မတ်ဆက်လုပ်သွားမှာပဲဖြစ်ပါတယ်။”ဟုပဒိုစောတောနီးကပြော
သည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆို
ခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း “ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ်လုပ်တော့လည်း ပြည်သူကို နေ့စဉ်ရက်ဆက်သတ်ဖြတ်နေကြတဲ့သူတွေ၊ ရွေး
ကောက်ပွဲဆိုပြီးခေါင်းစဉ်တပ်လုပ်တော့လည်း ပြည်သူ့ထောက်ခံမှု တပြားသားမှ မရှိကြတဲ့သူတွေ။ဘာမှ ဘောင်မဝင်ပါဘူး”ဟုမှတ်ချက်ပြုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုထောင်သောင်းချီ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး နိုင်ငံတဝန်း လေကြောင်း ၊ လက်နက်ကြီးတိုက်
ခိုက်မှုများ၊ နေအိမ်မီးရှီု့ဖျက်ဆီးမှုများ၊ကလေးငယ်များအပါအဝင် အစုလိုက်အပြုံလိုက်သတ်
ဖြတ်မှုများ စသော စစ်ရာဇဝတ်မှုများကို ဆက်
တိုက်ကျူးလွန်နေသည့် စစ်ကောင်စီက ပြုလုပ်သည့် နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်သို့နွေဦး
တော်လှန်ရေးတွင် စစ်တပ်ကိုမတိုက်သောလက်
နက်ကိုင်အဖွဲ့များ ၊စစ်ယူနစ်ဖောင်းချွတ် ဗိုလ်ချုပ်ဟောင်း အများစု ပါဝင်ဖွဲ့စည်းထားသည့် ပြည်
ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်
များနှင့် ၎င်း၏ နောက်လိုက်ပါတီ များ၊ ၂၀၂၀
ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်တနေရာမှပင် အနိုင်မရခဲ့သည့်ပါတီများမှကိုယ်စားလှယ်များတက်ရောက်
ခဲ့ကြသည်ကို စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများ၌ ဖော်ပြထားသည်ကိုတွေ့ရသည်။
“ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲလိုတယ် ဆိုတာ နိုင်ငံရေးမှာ စစ်တပ်တရားဝင် ရပ်တည်ရေးနဲ့ အမြဲတမ်းအာဏာရရှိရေးပါပဲ၊ ဒါက ငြိမ်းချမ်းရေးထက် ပဋိပက္ခကို တွန်းပို့နေတာပဲ။စကစ သဘော
ထားကို သိသိကြီးနဲ့ သံယောင်လိုက် နေတဲ့ သူတွေကိုတော့ ကိုယ့် ဒေသ၊ ကိုယ့် အဖွဲ့အစည်း တစုတဖွဲ့ ၊ ကိုယ်ကျိုးအတွက် အားမတန် မာန်လျော့ပြီး စကစ အာဏာ ရရှိရေးကို ပံ့ပိုးနေသူတွေလို့ပဲ မြင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေး
ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မှတ်ချက်ပြုသည်။
ငြိမ်းချမ်းရေးဖိုရမ်သို့ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ၊ DKBA၊ မွန်ပြည်သစ်ပါတီ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ထို့ပြင် ပအိုဝ်းတပ်ဖွဲ့(PNLO)မှခွဲထွက်ပြီးခဲ့သောဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ လားဟူ (LDU)မှ ဆော်လမွန်၊ ရက္ခိုင်(ALP) စောမြရာဇာလင်း စသူတို့တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယားများက ဖော်ပြထားသည်။သို့သော် ဗိုလ်မှူးကြီး ခွန်ဥက္ကဋ္ဌ ၊ ဆော်လမွန်နှင့် စောမြရာဇာလင်းတို့သည် ၎င်းတို့ အဖွဲ့တွင်း သဘောထားကွဲလွဲပြီး ပြဿနာဖြစ်ပွားခဲ့ကြသူများ ဖြစ်ကာ အဖွဲ့မှ ခွဲထွက်ဖွဲ့စည်းခြင်း၊ အဖွဲ့မှ ထုတ်ပယ်ခံရသူများဖြစ်သည်။
PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းက
တည်းက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တပ်ဖြစ်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာသည် အဖွဲ့ဝင်မဟုတ်တော့ဟု PNLOက အသိပေးထား
သည်။
ထိုအပြင် နွေဦးတော်လှန်ရေးတွင် စစ်တပ်နှင့်တိုက်ပွဲမဖြစ်သေးသော ၀လက်နက်ကိုင်တပ်ဖွဲ့(UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ ရှမ်းတပ်ဖွဲ့(SSPP) ကိုယ်စားလှယ်များ စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်ကိုလည်းတွေ့ရသည်။သို့သော် ယခင် စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့သည့် ရှမ်းတပ်(RCSS) ကိုယ်စားလှယ်တက်ရောက်
သည်ကို မတွေ့ရပေ။
စစ်ကောင်စီ၏ဝါဒါဖြန့် မီဒီယားများကမူငြိမ်း
ချမ်းရေးဖိုရမ်သို့လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံ
ရေးပါတီများ၊ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်
တွင်းပြည်ပ အသိပညာ အတက်ပညာရှင်များစသည့် အလွှာအသီးသီးမှသူများတက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
အဆိုပါဖိုရမ်နှင့်ပတ်သက်၍ ကျောင်းသားတပ်မ
တော်(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ဖိုရမ်မစမီ ဇွန်လ ၂၄ရက်က လူမှုကွန်ရက်တွင် ရေးသားအသိပေးခဲ့ရာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်မှာ စိတ်ဝင်စားစရာမရှိဟု အသိပေးသည်။
“ဒရှူးနဲ့ ဒလန်တွေပါ ခင်ဗျ။ အညာဘုရားပွဲက ဖဲသုံးချပ်ဝိုင်းက ဒီဖိုရမ်ထက်ပိုပြီး လူတွေ စိတ်ဝင်းစားစရာကောင်းပါတယ်” ဟု ရဲဘော်သံခဲက ရေးသားထားသည်။
ထို့ပြင်တက်ကြွစွာပါဝင်မည်သူများနှင့်ပတ်သက်ပြီး ၎င်း၏အမြင်ကိုရေးသားထားရာ “တချို့သောသားသတ်ရုံတွေမှာ အသတ်ခံရမယ့် သိုး/ဆိတ်တွေ မရုန်းမကန်ဘဲအသာအယာ သွားစေဖို့ သေ
ချာလေ့ကျင်ထားတဲ့အလံရှူးသိုး/ဆိတ်တွေကိုဦးစီးရှေ့ဆောင်လုပ်ခိုင်းကြပါသတဲ့” ဟု ရဲဘော်သံခဲက ပြောသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်ရလဒ်နှင့်ပတ်
သက်ပြီး ABSDF ဥက္ကဋ္ဌက ၎င်း၏ အမြင်ကို အ
သိပေးခဲ့ရာ “အဆိုးတကာ့ အဆိုးဆုံး ပို့မဲ့ဟာလမ်းရှာတာ” ဟုရေးသားထားသည်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး သင်တန်းကျောင်း တည်ထောင်သူ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ စောကပီ ကလည်း “ဟုတ်ပါတယ် — စစ်တပ်ကမြန်မာ့နိုင်ငံရေးမှာ အမြဲကြီးစိုးချယ်လှယ်နေမှာကို လက်ခံနိုင်တယ်ဆိုရင် ခင်ဗျားဟာ ဒီတိုင်းပြည်မှာ ငြိမ်းချမ်းနေပြီလို့သာမှတ်ပါ— တစ်နည်းအားဖြင့် ဆိုရရင်တော့ စစ်ကျွန်ဘဝမှာ ကျေနပ်စွာ နေတတ်နေပြီဆိုရင် ဘာမှအထွေအထူးပြောနေစရာမလိုတော့ဘူးမဟုတ်လား။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ဒုတိယ တတိယတန်းစား နိုင်ငံသားအဆင့်လို့သာ လက်ခံလိုက်ကြည့် ခင်ဗျားဟာ ဘာမှမငြိမ်းချမ်းစရာ အကြောင်းမရှိပါဘူး။ ပြီးတော့ မတရားမှုကိုငုံ့ခံနိုင်တဲ့ စွမ်းအားရှိပြီး လူ့အလွှာရဲ့အပေါ်ယံလေးမှာ သာယာနေတတ်ပြီဆိုရင်လည်း ခင်ဗျားဟာ ငြိမ်းချမ်းနေမှာပဲလေ။ ပြဿနာကြီးကြီးမားမားမရှိပါဘူး”ဟု ရေးသားထားသည်။
“ကရင် ဗမာ ရယ်လို့ပြောတာမဟုတ်ဘူးနော်။ အဲ့ဒီလူစုလူဝေးထဲမှာကြည့်လိုက် တိုက်ပုံမျိုးစုံ သင်
တိုင်းရောင်စုံပါသလို အရှေ့အနောက် တောင်
မြောက် အရပ်ဖက် လက်နက်ကိုင် အစုံပါကြတာမဟုတ်လား။ ဘယ်သူမဆို ကိုယ့်တန်ဖိုးထားမှုကိုယ်စီနဲ့ နိုင်ငံ့အရေးလုပ်ကြတာပဲ။ သူ့အဆင့်နဲ့သူပေါ့ ဘာမှ စိတ်ဆိုးဒေါသထွက်နေစရာ မရှိပါဘူး။ ကိုယ်လုပ်စရာရှိတာကိုသာလုပ်ကြ။”ဟု စောကပီကဆက်လက်ရေးသားထားသည်။
