ဇွန်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ဖားဆောင်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန်၍ ပြင်းထန်နေသည်။
ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကရင်နီပူးပေါင်းတပ်များသည် ဖားဆောင်းမြို့တွင် ကျန်ရှိသော ခလရ ၁၃၄ နှင့် ၁၃၅ တပ် နှစ်ခု ကို ထိုးစစ်အရှိန်မြှင့်ခဲ့ ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
“တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။တခြား အခြေ အနေကတော့ အလုပ်လုပ်နေကြတုန်းမလို့ပါ”ဟု ဖားဆောင်းမြို့ရှိ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement
စစ်ကောင်စီ၏ အခြေစိုက်တပ်တစ်ခုအတွင်း သို့ ထိုးဖောက်ဝင်ရောက်ထားနိုင်သည့် သတင်းအချို့ထွက် ပေါ်နေသော်လည်း ကရင်နီတပ်ပေါင်းစုဘက်က သီးခြားမှတ်ချက် မရသေးပေ။
“ကာကင်းတွေရတယ်။တပ်ပေါင်းစုဘက်က အဖိတ်အစင်အချို့ရှိသလို စကစ ဘက်က ထိခိုက်သေဆုံး တာတွေ များတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဖားဆောင်းမြို့တိုက်ပွဲအခြေ အနေ ကို ရှင်းပြသည်။
ဖားဆောင်းမြို့ရှိစစ်ကောင်စီအခြေစိုက်စခန်းဖြစ်သော အမှတ် (၁၃၄) နှင့် အမှတ် (၁၃၅) ခြေလျင်တပ်ရင်း ခလရ (၁၃၄)၊(၁၃၅ ) တို့သည် ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေးသည်။
ဘောလုံးကွင်းသုံးကွင်းကျော် အကျယ်စီရှိသည့် ထိုတပ်နှစ်ခုတွင် ဘန်ကာ များစွာဖြင့် အခိုင်အမာခံစစ် ပြင်ထားကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၏အရှေ့ဘက်ခြမ်းတွင်ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သော မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းတွင် ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန် နှင့် မြောက်ဘက်ခြမ်းတွင် ဘောလခဲ မြို့နယ်တို့ရှိသည်။
၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ် ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄)နှင့် ခလရ (၁၃၅) တပ်ရင်းသာ ကျန်ရှိနေခြင်းဖြစ်သည်။
