မန္တလေးမြို့၏ ရင်နှစ်သည်းချာဖြစ်သော မြို့မငြိမ်း၏ မန်းတောင်ရိပ်ခ်ိုသီချင်းပါ စာသားနှင့်သံစဉ်အတိုင်း ချိုပြုံးရွှင်သော နှမပျိုလေးများကဖြူလွှလွှအင်္ကျီ၊ ပိတောက်ရောက်လုံချည်ကိုယ်စီဖြင့် ဟန်ချက်ညီညီ ကနေကြသည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF အမျိုးသမီးရဲဘော်များက မန်းတောင်ရိပ်ခ်ိုသီချင်းဖြင့် သင်္ကြန်ယိမ်းကနေသည့် ရုပ်သံမှတ်တမ်းကို KNDF က သင်္ကြန်အတက်နေ့(ဧပြီ ၁၆ရက်)ညပိုင်းမှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အားလုံးကြိုးစားတိုက်ယူနေသည့် အေးချမ်းသာယာပျော်ရွှင်သောအနာဂတ်ဘဝကို အမြန်ဆုံးရရှိနိုင်ပါစေကြောင်း KNDFက ဆုတောင်းပေးထားသည်။
တော်လှန်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်များ၊ ငလျင်ဘေးနှင့် အခြားအခက်အခဲ ဒုက္ခမျိုးစုံရင်ဆိုင်နေရသော တော်လှန်မိဘပြည်သူများ ဘဝအမောများ ခဏတာပြေပျောက်နိုင်ရန်KNDF အမျိုးသမီးရဲဘော်များမှ သင်္ကြန်မယ်လေးများအဖြစ် ကပြတင်ဆက်ထားခြင်းဟု ဖော်ပြထားသည်။

Public Service Announcement
“တော်လှန်ရေးမှာ စိတ်ဓာတ်ခိုင်မာ၍ သတ္တိရှိစွာပါဝင်ကြသော အမျိုးသမီးရဲဘော်များရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်အကကိုကြည့်ရှုရင်း ဒီနှစ်သစ်မှာ မိဘပြည်သူများ၊ ရဲဘော်ရဲဘက်များ ရှေ့ဆက်ရန် စိတ်ခွန်အားများ ရရှိနိုင်ပါစေကြောင်း၊ အားလုံးကြိုးစားတိုက်ယူနေသော အေးချမ်းသာယာပျော်ရွှင်သော အနာဂတ်ဘဝကို အမြန်ဆုံး ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်သည်။
KNDF နှင့် ကရင်နီတပ်ပေါင်းစုသည် လတ်တလောတွင် မိုးဗြဲမြို့ ၊ဘောလခဲမြို့အပါအဝင် ကရင်နီပြည်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
ရုပ်သံ-KNDF
