ဇွန်-၂၆ ၊ ၂၀၂၅ ။ဇော်ရမ်း/People’s Spring
လောင်းလုံးမြို့နယ်တွင်အရပ်သားနေထိုင်ရာကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက အသက် ၇၀ အရွယ်အမျိုးသမီးကြီးအားအကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ယင်းအမျိုးသမီးကြီးသည် စိတ်ဒဏ်ရရပြီးကျန်းမာရေးဆိုးရွားနေကြောင်း သတင်းရရှိသည်။
လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာတွင် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ တပ်စွဲခဲ့သည့် စစ်တပ်မှ တပ်ဖွဲ့ဝင်တဦးက အသက် ၇၀ အရွယ်ဒေသခံ အမျိုးသမီးကြီးတစ်ဦးအားနှစ်ရက်ဆက်တိုက်ငါးကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟုRosy Women’s Union(RWU) – Dawei က ယနေ့(ဇွန်လ၂၆ရက်)တွင်ထုတ်ပြန်သည်။
ယုတ်မာအောက်တန်းကျသည့် လုပ်ရပ်ဖြစ်ပြီး ကျူးလွန်ခံရသူအမျိုးသမီးကြီးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းစိတ်ဆိုင်ရာ ကျန်းမာရေးအခြေအနေများကြောင့်အထူးစောင့်ရှောက်ရန်လိုအပ်လျက်ရှိသည်ဟု RWU က ဖော်ပြထားသည်။

Public Service Announcement
ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)ကော်မတီဝင် ကိုမင်းလွင်ဦးကလည်း ” စစ်မိစ္ဆာကောင်တွေ၊ သတ္တဝါတွေအားလုံးရဲ့ ယုတ်ညံ့ဆုံးကောင်တွေ” ဟုလူမှုကွန်ယက်တွင် ပြစ်တင်ရှုံ့ချထားသည်။
ကျူးလွန်ခံရသူသည် စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန်တွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန် နှင့် ကိုယ်တိုင် အသက်အရွယ် ကြီးရင့်နေ၍ မတိမ်းရှောင်တော့ဘဲ နေအိမ်၌နေကျန်ရစ်ခဲ့ခြင်းဟု RWU က ထုတ်ပြန်ထားသည်။ ၎င်း၏အမျိုးသား ရှေ့တွင်ပင်အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် လုံခြုံသည့်နေရာသို့ပို့ဆောင်ထားရသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီက အာဏာသိမ်းကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော UN-Women Executive Board ၏ ၂၀၂၅ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့်တန်းတူညီမျှမှုတို့ အာမခံချက်ပေးအပ်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် လုပ်ဆောင်ပေးရန်ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။
