ဇွန်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring
ပြည်တွင်းစက်သုံးဆီစျေး မှာ စစ်ကောင်စီ၏တရားဝင်သတ်မှတ်ချက်အရပင် ဇွန်လနောက်ဆုံးပါတ်တွင် တစ်လီတာ ကျပ် ၂၀၀ ကျော် စျေးထပ်တက်လာပြီး နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ကျပ်ဈေးတက်လာသည်။
စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကောမတီကဇွန် ၂၇ ရက်တွင်သတ်မှတ်သော ရည်ညွှန်းစျေးများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၁၄၀ကျပ်၊၉၅တစ်လီတာ၃,၂၁၀ကျပ် ၊ဒီဇယ် တစ်လီတာ ၂,၇၃၀ကျပ်၊ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃,၃၈၅ကျပ် ဖြစ်သည်။
ထိုစျေးများသည်ဇွန် ၂၆ ရက်နှင့်နှိုင်းယှဥ်ပါက တစ်လီတာ ကျပ် ၂၀၀ ကျော်စီ တက်လာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
ပြည်ပသွင်းကုန် စက်သုံးဆီသည် ဇွန်လ ဒုတိယပတ်က အရှေ့အလယ်ပိုင်းဒေသ အစ္စရေး-အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးတက်ခဲ့ပြီးပြည်တွင်းစက်သုံးဆီစျေးသည် ဇွန်လ ၁၂ ရက်ကစ၍ စျေးခဲ့သည်။
သို့သော် နှစ်ဖက်စစ်ပွဲ ရပ်နားသွားချိန်တွင် ကမ္ဘာ့ရေနံစျေးမှာ အကျဘက်ရောက်နေပြီဖြစ်သော်လည်းပြည်တွင်းစက်သုံးဆီစျေးသည်ဆက်လက်မြင့်တက်နေကြောင်း စက်သုံးဆီစျေးကွက် စောင့်ကြည့်လေ့လာနေသူတစ်ဦးကပြောသည်။
“ကမ္ဘာ့ရေနံစျေးကစစ်မဖြစ်မီကစျေးထက်တောင် ပိုကျနေတယ်။ပြည်တွင်းသတ်မှတ်စျေးကတော့ နှစ်ပတ်အတွင်းကို တစ်လီတာ ကျပ် ၃၅၀ လောက် စျေးတက်တာ။အတက်စျေး မိသွားလို့လား။ဒါမှမဟုတ်ဒေါ်လာစျေးတက်လို့လားဆိုတာတော့ သက်ဆိုင်သူတွေပဲပြောရမယ်ထင်တယ်။စျေးတက်၊စျေးကျတာကိုတော့ စက်သုံးဆီကော်မတီကရှင်းပြဖို့ သင့်တယ်”ဟု ၎င်းက ပြောသည်။
ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်ဇွန်လ ပထမပတ်ကစ၍အတက်စျေးသို့ဦးတည်နေသည်။လက်ရှိ ငွေလဲနှုန်းအရ တစ်ဒေါ်လာလျှင် အဝယ် ၄,၅၀၀ ကျပ်နှင့် အရောင်း ၄,၆၀၀ ခန့် ရှိသည်။
စစ်ကိုင်းငလျင်ကြောင့် နိုင်ငံ့စီးပွားရေးကို ကြီးမားစွာထိခိုက်စေခဲ့ခြင်း၊ အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က စစ်ကောင်စီ နှင့် မြန်မာနိုင်ငံကို အရေးယူရန်အတည်ပြုခြင်း ၊စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ ၊ လူငယ်များကို စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းမှုတို့ကြောင့် လူငယ်များနိုင်ငံမှ ၊လုပ်ငန်းခွင်မှ ထွက်ပြေးကြရပြီး လုပ်သားအင်အားစုများဆုံးရှုံးခြင်း ၊ငွေကြေးဖောင်းပွခြင်းစသည့်အကြောင်းအရင်းမျိုးစုံကြောင့် မြန်မာ့စီးပွားရေး မှာ အကြပ်အတည်းပေါင်းစုံဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောသည်။
