ဇွန်-၂၆၊၂၀၂၅။ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ကာ ကြိုးနှင့်တုပ်ပြီး အလောင်းကိုစွန့်ပစ်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။
ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောင်မီးရှို့စဥ် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ်အမျိုးသားကို ရိုက်နှက်သတ်ဖြတ်ကာကြိုးနှင့်တုပ်၍ မြေကျင်းတစ်ခုအတွင်းသို့ပစ်ချထားခဲ့ခြင်းဟု ၎င်းတာဝန်ရှိသူက ပြော သည်။
“ရိုက်သတ် ကြိုးနဲ့တုပ်ပြီး ဗုံးခိုကျင်းထဲပစ်ချခဲ့တာကိုမနေ့(ဇွန်လ ၂၅ ရက်)ကမှရှာတွေ့တာ။သဂြိုလ်တာဘာညာမလုပ်နိုင်သေးဘူး။စကစတွေ ရွာနားမှာမို့ ဒေသခံတွေ ရှောင်နေရတယ်”ဟုမင်းလှမြို့နယ် ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ထို့အပြင် ဇွန်လ ၂၅ ရက်မွန်းတည့် ၁၂ နာရီခန့်ကလည်း မင်းလှနယ်၊ ကျောင်းရွာအုပ်စု၊ ကျွဲမကိုင်းရွာအား စစ်ကောင်စီတပ်မှဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူအများအပြား ထွက်ပြေးနေရပြီး ယင်းနေ့ညနေပိုင်း၌ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်စဥ် စစ်ကောင်စီတပ်မှ လိုက်လံပစ်ခတ်၍ ထပ်မံထွက်ပြေးကြရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအခြေအနေတွင်စစ်တပ်စစ်ကြောင်းများသည် ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်း၌ အင်အား ၅၀၀ ခန့်ဖြင့် တပ်ဖြန့်ထားကာ ကျွဲမကိုင်းရွာ၊ ငလှစမ်းဘုန်းကြီး ကျောင်း၊ ရွေးကုန်းရွာ၊ သရော်ကုန်းဘုန်ကြီးကျောင်း၊ ဦးတိုကညင်ပင်ဘုန်းကြီးကျောင်းနှင့်တာကလေးဘုန်းကြီးကျောင်း စသည့်နေရာများတွင်တပ်စွဲထားကြောင်းစုံစမ်းသိရသည်။
ဇွန်လ ၂၅ ရက်အထိမင်းလှမြို့နယ်ရန်ကုန်-ပြည်လမ်းရှေ့ဘက်ခြမ်းရှိ တောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ငလှစမ်းရွာနှင့်ခွက်မရွာအပါအဝင်ကျေးရွာပေါင်း(၉)ရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးထားသည်။
