တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ သေဆုံးသူ အရေအတွက်ဟာ ၇ ဦးထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဝူတစ်ပ်ဟာ ဗီယက်နမ်ကို ဖြတ်သန်း မွှေနှောက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်နိုင်ငံ တောင်ပိုင်းကို ကုန်းတွင်းဝင်ရောက်ပြီး အားပျော့သွားခဲ့ပါတယ်။ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့မသွားခင်မှာ ဝူတစ်ပ်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၂၈ ကီလိုမီတာထိ ပြင်းထန်ခဲ့ပါတယ်။
ဗီယက်နမ် အလယ်ပိုင်း ဒေသတွေကတော့ မုန်တိုင်းရဲ့ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး လူ ၇ ဦး သေဆုံးခဲ့သလို အိမ်ခြေ ရာနဲ့ချီ ထိခိုက် ပျက်စီးခဲ့ပါတယ်။ နောက်ပြီး စိုက်ခင်း ဧရိယာ ဟက်တာပေါင်း ၆၀၀၀၀ လောက် ရေမြုပ်ခဲ့တယ်လို့ ဇွန်လ ၁၆ ရက်နေ့ထိ ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ခံထားရတဲ့ ဟွိုင်နာမြို့ အပါအဝင် ဗီယက်နမ် အလယ်ပိုင်း ဒေသတော်တော်များများဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုင်ဖွန်းမုန်တိုင်း ဝူတစ်ပ်ကြောင့် ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ကြုံခဲ့ရပါတယ်။ အသေအပျောက် ဖြစ်စဉ် အားလုံးဟာလည်း ရေကြီးမှုတွေကြောင့်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

Public Service Announcement
ဗီယက်နမ်ဟာ နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် တိုင်ဖွန်းတွေ အပါအဝင် မုန်တိုင်း တစ်ဒါဇင်လောက်ကို ကြုံရလေ့ ရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဂယက်ကြောင့် နောက်ပိုင်းနှစ်တွေမှာ အခြေအနေတွေက ပိုပြီး ဆိုးရွား ပြင်းထန်လာနေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်မှာ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူ ၅၁၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂၀၂၃ နဲ့ယှဉ်ရင် ၃ ဆ ပိုလာတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ဗီယက်နမ် မြောက်ပိုင်းကို ဖျက်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီ ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၃၄၅ ဦး သေဆုံးခဲ့ပြီး စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကလည်း ဒေါ်လာ ၃.၃ ဘီလီယံလောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP
