ဇူလိုင်-၂၁၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၁)မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ၅/ကသာ လူထုအောင်လံသပိတ်က ဦးဆောင်ပြီး “ငါတို့မှာ ငါတို့ပဲ ရှိတယ် အမောင် ဇွဲသန်မှ အောင်လံချိတ်ရမည်” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်း၊ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်တပ် ကျရှုံးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ၅/ကသာလူထုသပိတ်
