ဂါဇာ ကမ်းမြှောင်ဒေသက ရိက္ခာဝေငှတဲ့ နေရာတွေမှာ အစ္စရေး စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် တစ်ရက်အတွင်း ပါလက်စတိုင်း ၉၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသဆီ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဝင်ရောက်မှုကို ဘက်ပေါင်းစုံကနေ ကန့်သတ် ပိတ်ပင်ထားသလို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရိက္ခာဝေငှတဲ့ နေရာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စွပ်စွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အစ္စရေး စစ်တပ်ကတော့ အဲဒီ တိုက်ခိုက်မှု အများစုဟာ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေနဲ့အညီ တုံ့ပြန်ခဲ့တာ ဖြစ်ကြောင်းနဲ့ လက်နက်ကိုင် အစုအဖွဲ့တွေကိုသာ ဦးတည်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းလေ့ ရှိပါတယ်။
အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာက ပါလက်စတိုင်း ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ရိက္ခာ ဝေမျှမှုတွေ၊ အစ္စရေးနဲ့ သဘောတူညီမှု ယူပြီး အမေရိကန် ကုမ္ပဏီတွေက ထောက်ပံ့တဲ့ လူသားချင်း စာနာမှု အကူအညီတွေကို အဓိက မှီခိုနေရပါတယ်။ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ဂါဇာ မြောက်ပိုင်းက ဇီကင်မ်မြို့မှာရှိတဲ့ ကုလသမဂ္ဂက ရိက္ခာဝေငှပေးရာ နေရာတစ်ခုမှာ ဂျုံအိတ်တွေ ရဖို့ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်း လူစုလူဝေးကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ၇၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အလားတူ အဲဒီနေ့မှာပဲ ဂါဇာတောင်ပိုင်းက ရာဖားဟ်နဲ့ ခန်ယူနစ် မြို့တွေမှာ ရိက္ခာဝေတဲ့ နေရာတွေနား အစ္စရေးက တိုက်ခိုက်ခဲ့ပြန်တာကြောင့် ပါလက်စတိုင်း ၉ ဦးနဲ့ ၄ ဦးစီ အသီးသီး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ ရာဖားဟ်မှာတော့ ဇူလိုင် ၁၉ ရက်နေ့က အလားတူ တိုက်ခိုက်မှုမျိုးကြောင့် ပါလက်စတိုင်း ၃၆ ဦးထက်မနည်း သေဆုံးခဲပါတယ်။

Public Service Announcement
ဇူလိုင် ၂၀ ရက်နေ့မှာ အစ္စရေးရဲ့ ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း အရေအတွက်က ၁၁၅ ဦးထိ များပြားနိုင်တယ်လို့လည်း ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ခန့်မှန်းခဲ့ပါတယ်။
ဇီကင်မ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို အစ္စရေး စစ်တပ်က အတည်ပြုထားပြီး အဲဒီ လူစုလူဝေးဟာ အနီးမှာရှိတဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေကို ရန်လိုမှုတွေ ပြသလာတဲ့အတွက် သတိပေး ဟန့်တားတဲ့သဘော ပစ်ခတ်ခဲ့ကြောင်း ကြေညာထားပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေက အစ္စရေး စစ်သားတွေကို ရန်လိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တိကျတဲ့ ဘာအထောက်အထားမှ အစ္စရေးက တင်ပြမထားပါဘူး။
ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WHO)က ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန် ကြေညာရာမှာတော့ အစ္စရေးရဲ့ ဖော်ပြချက်နဲ့ ကွဲလွဲနေပြီး ပါလက်စတိုင်း ဒုက္ခသည်တွေဟာ ငတ်မွတ်လုနီးပါး အခြေအနေတွေကြောင့် သူတို့နဲ့ သူတို့မိသားစုတွေအတွက် စားနပ်ရိက္ခာတွေ ရရှိဖို့သာ ကြိုးစားနေခဲ့ကြတာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ထရပ်ကား ၂၅ စီးပါတဲ့ ရိက္ခာတင် ယာဉ်တန်းက ဇီကင်မ်က စစ်ဆေးရေးဂိတ် တစ်ခုကို ဖြတ်သန်းဝင်ရောက်လာပြီး မကြာခင်မှာပဲ အစ္စရေး စစ်တပ်က ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ထရပ်ကားတွေကို မြင်တဲ့အချိန် ပါလက်စတိုင်း ဒုက္ခသည်တွေက စားနပ်ရိက္ခာတွေ ရရှိနိုင်ဖို့ စိတ်လှုပ်ရှားပြီး စုဝေးလာကြောင်း၊ သိပ်မကြာခင်မှာပဲ ထရပ်ကားနား ကပ်လာတဲ့ ပါလက်စတိုင်းတွေကို အစ္စရေး စစ်သားတွေ၊ လက်ဖြောင့်တပ်သားတွေ၊ တင့်ကားတွေက ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောပါတယ်။
WFPက ဂါဇာမှာ ပြည်သူတွေရဲ့ ဆာလောင်မွတ်သိပ်မှု ပြဿနာက ပိုမို ကြီးထွားနေပြီး လူသားချင်း စာနာမှု အကူအညီတွေ မရရှိနိုင်တာကြောင့် အသက်တွေ ဆုံးရှုံးနေကြောင်း၊ အစ္စရေး အနေနဲ့ စစ်ဆင်ရေး လုပ်ဆောင်ချက်တွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး လမ်းကြောင်းတွေကို အနှောင့်အယှက် မဖြစ်စေတာမျိုး အပါအဝင် ထိရောက်တဲ့ ကြပ်မတ် လုပ်ဆောင်မှုတွေ ဖိဖိစီးစီး မြှင့်တင်ပေးဖို့လိုကြောင်း ဝေဖန်ထားပါတယ်။
ဂါဇာရဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေး ၉၀၀၀၀ လောက်ဟာ အာဟာရ ပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်း၊ ဂါဇာ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ရက်အတော်ကြာအောင် အစားအသောက် မစားရဘဲ ဖြစ်နေကြောင်း၊ ဂါဇာမှာ စားနပ်ရိက္ခာတွေကို ပမာဏ အလုံးအရင်းနဲ့ ဖြန့်ဝေပေးနိုင်တာမျိုး မရှိမချင်း အဲဒီ ဒုက္ခသံသရာက တဝဲလည်လည် ဆက်ဖြစ်နေနိုင်ကြောင်းလည်း WFPက သတိပေးထားပါတယ်။
ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ အစာရေစာ ငတ်မွတ်မှုသက်သက်ကြောင့် သေဆုံးသူ ၁၈ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: Al Jazeera
