တစ်အိမ်ထောင်ကို ကလေးနှစ်ဦးထက် ပိုမယူရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ဗီယက်နမ် အစိုးရက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေတဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ မွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာတဲ့ ပြဿနာနဲ့ ရုန်းကန်နေရတဲ့နောက် အခုလို မူဝါဒ အပြောင်းအလဲ ဖြစ်လာခဲ့တာပါ။ ဇွန်လ ၄ ရက်နေ့မှာတော့ အစိုးရပိုင် မီဒီယာက ဇနီးမောင်နှံတွေ အနေနဲ့ ကလေး ဘယ်နှယောက် ယူမလဲ၊ ကလေးယူဖို့ အချိန် ဘယ်လောက် ခြားပြီး သတ်မှတ်မလဲ ဆိုတာတွေကို ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိလာမှာ ဖြစ်တယ်လို့ ကြေညာသွားပါတယ်။
ဒါဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မူဝါဒကနေ နောက်ကြောင်းပြန်လှည့်သွားခြင်းလည်း ဖြစ်ပါတယ်။ တစ်အိမ်ထောင်ကို ကလေး ၂ ဦးထက် ပိုမယူရဘူးဆိုတဲ့ မူဝါဒကို ၁၉၆၀ ပြည့်နှစ်တုန်းက ကွန်မြူနစ် မြောက်ဗီယက်နမ်မှာ စတင် ကျင့်သုံးခဲ့ပါတယ်။ နောက်တော့ ဗီယက်နမ် တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းသွားချိန်မှာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း တောင်ပိုင်းမှာပါ အကောင်အထည် ဖော်လာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ တစ်အိမ်ထောင် ကလေး ၂ ဦး မူဝါဒဟာ မလိုက်နာရင် တင်းတင်းကျပ်ကျပ် အရေးယူတဲ့ အခြေအနေမျိုး မဟုတ်တော့ဘဲ ဖြေလျှော့မှုတွေ ရှိလာပေမယ့် အာဏာရ ကွန်မြူနစ် ပါတီဝင်တွေက ဖောက်ဖျက်တာ ဆိုရင်တော့ အရေးယူမှုတွေ ကြုံရနိုင်ပါတယ်။ ဗီယက်နမ်ဟာ ၂၀၀၃ ခုနှစ်မှာ အဲဒီ မူဝါဒကို ပယ်ဖျက်မလို သဘောထားမျိုး ပြသခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာ ပြန်လည် ကျင့်သုံးလာခဲ့ပါတယ်။

Public Service Announcement
အခုတော့ ဗီယက်နမ်မှာ မွေးဖွားနှုန်း ကျဆင်းလာနေတာကြောင့်လည်း အာဏာပိုင်တွေဟာ မိသားစုဝင်တွေ အရေအတွက် မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ဗီယက်နမ်မှာ အမျိုးသမီးတစ်ဦးစီရဲ့ ပျမ်းမျှ ကလေးမွေးနှုန်းဟာ ၁.၉၁ ယောက်သာ ရှိတော့ပြီး နိုင်ငံရဲ့ ဆုံးရှုံးလူဦးရေကို အလျင်မီအောင် ဖြည့်တင်းဖို့ ရုန်းကန်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။
မိသားစု စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူတွေက လက်ရှိ အခြေအနေအတိုင်း ဆက်သွားရင် ပြည်တွင်းမှာ သက်ကြီးရွယ်အို အချိုးအစား ပိုများလာတာ၊ ဝန်ထမ်းအင်အား ပြတ်လပ်တာ၊ လူမှုဖူလုံရေး လုပ်ငန်းတွေအတွက် ဖိအားတွေ တိုးလာတာတွေ ကြုံတွေ့နိုင်ပြီး ရေရှည်မှာ နိုင်ငံစီးပွားရေး တိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
ဗီယက်နမ်မှာတော့ မြို့ပြဧရိယာတွေမှာ မွေးဖွားနှုန်းက သိသိသာသာ ပိုမိုကျဆင်းနေပြီး နေထိုင်မှုစရိတ် အရမ်းကြီးတဲ့ ဟိုချီမင်းစီးတီးလို မြို့မှာဆိုရင် ငယ်ရွယ်တဲ့ စုံတွဲတွေဟာ ကလေးမယူချင်ကြတော့ပါဘူး။ ၂၀၂၃ ခုနှစ်မှာ မြို့ရဲ့ မွေးဖွားနှုန်းက အမျိုးသမီး တစ်ဦးကို ကလေး ၁.၃၂ ဦးထိ လျော့ကျသွားကြောင်း သိရပါတယ်။
ဗီယက်နမ်လိုပဲ အာရှနိုင်ငံ တချို့ဟာလည်း မိသားစုတွေမှာ ကလေးမွေးဖွားနှုန်း လျော့နည်းသွားတဲ့ ပြဿနာနဲ့ ရုန်းကန်နေကြရပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းမှာဆိုရင် ထိုင်း၊ စင်ကာပူနဲ့ မလေးရှားတို့လည်း တူညီတဲ့ အခြေအနေတွေ ကြုံနေပါတယ်။
ဂျပန်မှာဆိုရင် ၂၀၂၄ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် တစ်နှစ်တာ ကလေးမွေးဖွားနှုန်းဟာ ၇၀၀၀၀၀ အောက်ကို ကျဆင်းသွားတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
တရုတ်ဟာ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ မိသားစု တစ်ခုကို ကလေး ၃ ဦးထိ ယူခွင့် ပြုခဲ့ပေမယ့်လည်း နောက်ဆုံး ၃ နှစ်ဆက်တိုက် နိုင်ငံလူဦးရေ ယုတ်လျော့ကျဆင်းမှု အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုးကား: Guardian
