close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံကနေ ထောင်ဆီ ပြန်မသွားခဲ့တဲ့ သက်ဆင်ရဲ့ ကိစ္စကို ထိုင်းတရားရုံးချုပ် ဆက်လက်စစ်ဆေး

ထောင်ထဲမှာ အကျဉ်းချခံနေရမယ့် အချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ လိမ်လည်လှည့်စားပြီး ဆေးရုံတက်ခဲ့သလား ဆိုတာကို ထိုင်းတရားရုံးချုပ်က ဆက်လက် ကြားနာ စစ်ဆေးနေပါတယ်။

AP

ထောင်ထဲမှာ အကျဉ်းချခံနေရမယ့် အချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ လိမ်လည်လှည့်စားပြီး ဆေးရုံတက်ခဲ့သလား ဆိုတာကို ထိုင်းတရားရုံးချုပ်က ဆက်လက် ကြားနာ စစ်ဆေးနေပါတယ်။

ဇူလိုင် ၁၅ ရက်နေ့က အဲဒီစွပ်စွဲချက်အတွက် စတုတ္ထအကြိမ် ရုံးချိန်ခေါ်ရာမှာ တရားရုံးချုပ်ဟာ စုစုပေါင်း သက်သေ ၆ ဦးရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့ပါတယ်။ စစ်ဆေးမှုတွေရဲ့ အဓိက ပစ်မှတ်ထားတဲ့ အကြောင်းအရာကတော့ သက်ဆင်ဟာ ၂၀၂၃ ခုနှစ်မှာ ပြည်ပကနေ ပြန်လာပြီးတဲ့နောက် ဆိုင်းငံ့ထောင်ဒဏ်ကို စတင် ကျခံရချိန်မှာ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံရဲ့ ၁၄ ထပ်က အခန်းဆီ ဘာကြောင့် ရောက်ရှိသွားခဲ့သလဲ၊ ဘာကြောင့် ထောင်ဆီ ပြန်မသွားခဲ့သလဲ ဆိုတာကို အဖြေထုတ်နိုင်ဖို့ပါ။

သက်ဆင်ဟာ ပြည်ပမှာ တိမ်းရှောင်နေချိန် အတောအတွင်း အဂတိ လိုက်စားမှု အပါအဝင် စွပ်စွဲချက်တွေအတွက် မျက်ကွယ်မှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြစ်ဒဏ်ကိုလကို ၁ နှစ်ထိ လျှော့ချခွင့်ရခဲ့ပြီး အဲဒီနောက် ၆ လ အကြာမှာတော့ လျှော့ရက်နဲ့ လွတ်မြောက်လာခဲ့တာပါ။

ဒါပေမဲ့ တကယ်တမ်းမှာတော့ သက်ဆင်ဟာ ထောင်ထဲမှာ တစ်ရက်လောက်သာ နေခဲ့ရပြီး ကျန်တဲ့ ၆ လလုံးကို ဆေးရုံတက်ရင်း အချိန်ကုန်ခဲ့တာပါ။ သူဟာ ဆေးရုံကို ရောက်သွားပြီးချိန် ကတည်းက အကျဉ်းထောင်ဆီ လုံးဝ ပြန်မသွားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

သက်ဆင်ရဲ့ ရှေ့နေ ဝင်ယတ် ချတ်မွန်ထရီကတော့ ပဲ့ပြင်ပြောင်းလဲရေး ဌာန အကြီးအကဲ၊ ထောင်မှူးဟောင်း ၁ ဦးနဲ့ ဆေးရုံဝန်ထမ်းတွေ အပါအဝင် သက်သေ ၆ ဦးကို အဆိုပြု နာမည်တင်သွင်းထားတယ်လို့ အစောပိုင်းတုန်းက မီဒီယာတွေဆီကို အသိပေးထားခဲ့ပါတယ်။

ဇူလိုင် ၁၅ ရက် မနက်ပိုင်း တရားခွင်မှာတော့ အဲဒီထဲက ၄ ဦးရဲ့ ထွက်ဆိုချက်တွေကို တရားရုံးချုပ်မှာ ကြားနာခဲ့တာပါ။ တရားသူကြီးက သက်ဆင်ဟာ ထောင်ကျနေရာကနေ ဆေးရုံဆီ ရွှေ့ပြောင်းခဲ့မှုမှာ လုပ်ထုံးလုပ်နည်းတွေအရ မှန်ကန်မှု ရှိခဲ့သလား ဆိုတာကို မေးမြန်းစေခဲ့ပါတယ်။ အဲဒီ ၄ ဦးကတော့ ပဲ့ပြင်ပြောင်းလဲရေးဌာန အကြီးအကဲ ဆာဟာခန် ဖက်နာရင်၊ ဘန်ကောက်ရဲ့ ရီမန်ထောင်မှူးဟောင်း နတ်စတီ သွန်ဖလတ်၊ ပဲ့ပြင်ပြောင်းလဲရေးဌာန ဒုတိယ အကြီးအကဲဟောင်း ဆစ်သီ ဆူသီဝေါင်၊ လက်ရှိ ဌာန ဒုတိယ အကြီးအကဲ ချာဝါချီရာဒါးတို့ ဖြစ်ပါတယ်။

တရားရုံး ကြားနာမှုကို ပြည်သူတွေနဲ့ မီဒီယာတွေ တက်ရောက်ခွင့် ပြုထားခဲ့ပေမယ့် အသံသွင်းတာ၊ ဗီဒီယိုရိုက်တာမျိုးကိုတော့ တားမြစ်ထားခဲ့ပါတယ်။ နှစ်ဖက် ရှေ့နေတွေဟာ သက်ဆင်ရဲ့ ကျန်းမာရေး စစ်ဆေးမှု ရလဒ်တွေ၊ ထောင်ဆေးရုံမှာ တက်ရောက်ကုသမှုကို ရက် ၃၀၊ ရက် ၆၀ သက်တမ်းတိုးခဲ့တာတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြပါတယ်။ သက်သေတွေကတော့ လုပ်ဆောင်ချက် အားလုံးဟာ တရားဝင် ပြဋ္ဌာန်းချက်တွေအတိုင်း ဆေးဖက်ဆိုင်ရာ အကြံပြုချက်တွေနဲ့အညီ ကျင့်သုံးဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

ညနေပိုင်းမှာတော့ နောက်ထပ် သက်သေတွေဖြစ်တဲ့ ဆေးရုံရဲ့ အကြီးတန်း ဆရာဝန် နှစ်ဦးဆီက ထွက်ချက်တွေကို ရယူခဲ့ပါတယ်။

သက်ဆင်ဟာ ပြည်ပမှာ နှစ်ရှည်လများ တိမ်းရှောင်နေရာကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းကို ပြန်လာခဲ့တာပါ။ သူဟာ ထိုင်းနိုင်ငံဆီ ပြန်ရောက်ရောက်ချင်း ညကို အကျဉ်းထောင်မှာ ဖြတ်သန်း ကုန်လွန်ခဲ့ရပေမယ့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်တစ်နေ့မှာ ဆေးရုံဆီ ရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစလို့ ပြစ်ဒဏ်ကာလ စေ့တဲ့ထိ သက်ဆင်က ထောင်ထဲ ပြန်မသွားခဲ့တဲ့အတွက် လူထုကြားမှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပြီး အရေးကြီး ပုဂ္ဂိုလ်တွေကို တရားရေးစနစ်က မျက်နှာသာပေးကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းကြားက ညီရင်းအစ်ကိုလို ရင်းနှီးတဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

တစ်ချိန်က ညီရင်းအစ်ကို ဆက်ဆံရေးမျိုး ရှိတယ်လို့ ကိုယ်တိုင် ညွှန်းဆိုခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ သူ့ကို သစ္စာဖောက်ခဲ့ပါတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ အဲဒီအတွက်လည်း သက်ဆင်က ထိုင်းဘုရင်ကို သစ္စာဖောက်တာ အပါအဝင် ဆိုးရွားတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အကြောင်း...

နိုင်ငံတကာ

နယ်စပ်မှာ ပစ်နေခတ်နေကြမယ့်အစား နှစ်ဖက် ချိန်းပြီး ပိုက်ကျော်ခြင်း ကစားကြတာ ပိုကောင်းလိမ့်မယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကို ရည်ရွယ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

နိုင်ငံတကာ

ပြည်ပကို ထွက်ပြေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ငြင်းပယ်သွားခဲ့ပါတယ်။