-Scorpio/People’s Spring
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းကလည်း ရွှေညဝါဆရာတော်နဲ့ ဆရာမောင်သာချိုတို့ဟာ ကိုယ်စီကိုယ်စီ အဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ နှစ်ဦးအတူတူ ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။
ပြန်လွတ်တဲ့နေ့က ရွှေညဝါဆရာတော်ကို သံဃာနှစ်ပါးက တွဲထားရပါတယ်။ ဆရာမောင်သာချိုကတော့ စတစ်ကော်လာအဖြူလက်ရှည်ဝတ်ထားပြီး အပေါ်ကြယ်သီးနှစ်လုံး ပြုတ်နေခဲ့တယ်။ ခပ်လျော့လျော့အပြုံးနဲ့ လူထုကို နူတ်ဆက်ခဲ့ပါတယ်။
ရွှေညဝါဆရာတော်ဟာ နဂိုကတည်းက နှလုံး၊ အသည်း၊ ဆီးချိုရောဂါတွေရှိပြီး ထောင်ထဲမှာ တော်တော် ခံခဲ့ရတယ်လို့ ဆရာတော်ရဲ့ ဒကာတစ်ဦးက ပြောပါတယ်။

Public Service Announcement
“အခုလည်း ထောင်ထဲမှာ ရလာတဲ့ ဒဏ်ရာတွေနဲ့ ပိုဆိုးပြီး ပျံလွန်ရတာပါ”လို့ သူကပြောတယ်။

ဆရာတော်ဟာ ထောင်ထဲက ရလာတဲ့ ရောဂါတွေကို ကုသရင်း အရင်ကထောင်ထောင်မောင်းမောင်းနဲ့ ခန္ဓာကိုယ်ကြီးကနေ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အဖြစ် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပါတော့တယ်။ ဆရာတော်ဟာ ပိန်လှီပြီး ကျန်းမာရေးမကောင်းတဲ့ကြားကနေ မတ် ၂၈ စစ်ကိုင်း ငလျင်ကြီးဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရတဲ့ အင်းလေးကန်ဒေသက ငလျင်ဘေးသင့်သူတွေကို ပြီးခဲ့တဲ့ မေလမှာ သွားရောက်ထောက်ပံ့ခဲ့ပါသေးတယ်။
ဆရာမောင်သာချိုလည်း အလားတူပါပဲ။ ဆရာမောင်သာချိုဟာ ထောင်အတွင်းမှာ ကင်ဆာရောဂါစတင်ခံစားခဲ့ရပေမယ့် ထောင်အတွင်းဆေးကုသမှု လုံလောက်စွာမရခဲ့ဘဲ ထောင်ကလွတ်လာပြီးမှ ကာလရှည် ဆေးကုသနေရတာလို့ ဆရာနဲ့ ရင်းနှီးသူအချို့ကပြောပါတယ် ။
“ဆရာက ကင်ဆာဆေးတွေသွင်းခဲ့ရတယ်ကြားတယ်။ ထွက်လာပြီးကတည်းက မတွေ့ရသေးတာ။”လို့ စာရေးဆရာမတဦးက ပြောပါတယ်။
နှစ်ဦးလုံးဟာ အကျဥ်းထောင်ကျဥ်းကျဥ်းလေးထဲကနေ လွတ်လာခဲ့ပေမဲ့ ထောင်ကပါလာတဲ့ ရောဂါတွေကိုတော့ မြန်မာနိုင်ငံဆိုတဲ့ အကျဥ်းထောင် ကျယ်ကြီးထဲမှာ လပေါင်းများစွာ ဆေးကုသမှု ဆက်ပြီးခံယူခဲ့ရပါတယ်။

အဲဒီလိုဆေးကုသနေကြရင်း ဒီကနေ့မှာ နှစ်ဦးလုံး လူ့လောကကနေ ထွက်ခွာသွားခဲ့ကြတာပါ။ ဆရာမောင်သာချိုဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီး ရွှေညဝါဆရာတော်ကတော့ သက်တော် ၆၀ ရှိပြီဖြစ်ပါတယ်။
ဆရာတော်ဟာ ကာလရှည်ခံစားနေရတဲ့ နှလုံးနဲ့အသည်းရောဂါကို ကုသနေတုန်းမှာပဲ ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ပျံလွန်တော်မူခဲ့တာလို့ သိရပါတယ်။
ဆရာတော်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ မတရားမှုတွေအပေါ်ဝေဖန်ထောက်ပြလေ့ရှိပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အလေးထား ဟောကြား လေ့ရှိပါတယ်။
၁၉၈၈ ခုနှစ်က ၈ လေးလုံးအရေးတော်ပုံ၊ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်အရေးအခင်းတို့မှာ ပါဝင်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအချို့မှာ လူထုကို ဦးဆောင်ခဲ့ပါတယ်။
ရွှေညဝါဆရာတော်ဟာ မှော်ဘီမြို့နယ်က ရွှေညဝါဓမ္မရတနာကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော်ဖြစ်ပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့၂၀၁၁ ခုနှစ်ကဆရာတော်ကို တရားဟောခွင့် တနှစ်ပိတ်ခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း တရားဟောခွင့် ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။
ဆရာမောင်သာချိုဟာ သမီးဖတ်ဖို့အပါအဝင် လူမှုရေးကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး ရေးသားထောက်ပြခဲ့တဲ့ အက်ဆေးတွေဟာ ထင်ရှားပါတယ်။ မောင်သာချိုကလောင်အပြင် သရော်စာရေးသားတဲ့ ဂျက်ကွမ်းခြံကုန်းကလောင်ခွဲဟာလည်း ထင်ရှားပါတယ်။
ဆရာမောင်သာချိုဟာ ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှာ ‘ခေတ်သစ် မေတ္တာ’ ကဗျာနဲ့ စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် စသည်တို့မှာ အမှုထမ်း ခဲ့ဖူးပြီး ၂၀၁၀မှာ ပညာရေးတက္ကသိုလ်၊ ရန်ကုန်သို့ ပြောင်းရွေ့ပြီး မြန်မာစာဌာနမှာ ကထိက အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

ဂျာနယ်တွေ နဲ့ 7 Day Daily သတင်းစာမှာဆောင်းပါးတွေရေးခဲ့သလို ၊ စာပေဟောပြောပွဲတွေက ဆရာ့ရဲ့ဟောပြောချက်တွေကို ပြည်သူတွေက နှစ်ခြိုက်အားပေးခဲ့ကြပါတယ် ။ ဒါအပြင် ဆရာမောင်သာချိုရယ် ၊နမည်ကျော်ကာတွန်းဆရာ အော်ပီဂျယ် ၊ စာရေးဆရာ အယ်ဒီတာကိုပြည်သွေးနိုင်တို့ဟာ လိုအပ်တဲ့နေရာတွေကို လစဥ်ကူညီခဲ့ကြတဲ့ One More ဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ်မှာအတူတည်ထောင်ခဲ့ကြပါတယ် ။
One More ဖောင်ဒေးရှင်က လူ ၁ ယောက်ကိုလစဥ် ကျပ် တစ်ထောင်စီလှူငွေတွေစုပြီး လိုအပ်တဲ့နေရာတွေကိုလစဥ်လှူဒါန်းပေးကြတာဖြစ်ပါတယ်။ ဒီအစီအစဥ်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလအထိ လှူဒါန်းပေးခဲ့ပြီး ၁၀ နှစ်ကျော်အတွင်းအလှူငွေ ကျပ်သိန်းတစ်သောင်းကျော်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆရာပြည်သွေးနိုင် ကရေးသားထားပါတယ် ။
အခြေခံပြည်သူတွေလိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းဖို့၊ပညာပေးဖို့ကြိုးခဲ့တဲ့ဆရာဟာ စစ်တပ်ရဲ့ထောင်သွင်းအကျဥ်းချမှုကြောင့် ကင်ဆာရောဂါကိုကုသခွင့် နှောင့်နှေးခဲ့ရတာကြောင့် အသက် ၆၈ နှစ်အရွယ်မှာကွယ်လွန်ခဲ့ရပြီဖြစ်ပါတယ် ။
“နှစ်ပေါင်းအမြောက်မြားစွာ သိမ်းဆည်းထားတဲ့ စာကြည့်တိုက်ကြီး ပျက်စီးသွားပီလို့ ကြားခဲ့ရတာ အရမ်းဝမ်းနည်းမိတယ် ဆရာ”လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ် ။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံ လောက်လောက်မရရှိမှု နဲ့ ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆုံးရှုံး နေကြရပါတယ်။
အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေကို ဆေးဝါးကုသခွင့်မပေးလို့ သေဆုံးရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
မန္တလေးအိုးဘိုထောင်မှာ ၂၀၂၄ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်း(ခ)အငယ်လေး တို့ (၃) ဦးဆက်တိုက် ကွယ်လွန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း မန္တလေး အိုးဘိုထောင်အတွင်းမှာပဲ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး ကွယ်လွန်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေး အိုးဘိုထောင်တခုတည်းမှာတင် မတ် (၂၈) ရက်နေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးအိုးဘိုထောင်ထဲကနိုင်ငံရေးအကျဉ်းသား (၅၀) ဦးကျော် သေဆုံးခဲ့ရပါသေးတယ်။

ဒီကနေ့မှာ ဆုံးရှုံးခဲ့ရတဲ့ ရွှေညဝါဆရာတော်နဲ့ ဆရာမောင်သာချိုအပါအဝင် နိုင်ငံရေးအကျဥ်းသားတွေဟာ အကျဥ်းထောင်ရဲ့စားသောက်ရေးအစီအမံနဲ့ ရေကို သုံးစွဲခဲ့ရကြောင်း၊ အကျဥ်းထောင်က ကျွေးတဲ့အစားအသောက်နဲ့ သောက်သုံးရေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အတွက် ရောဂါတွေဖြစ်ပွားတာ၊ ကူးစက်တာတွေ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“၂၀၂၄/၂၅ မှာတင်ပဲ ကျနော်တို့ နိုင်ငံရေးမျိုးဆက်က အရှေ့မျိုးဆက်ဖြစ်ကြတဲ့သူတွေဟာ ကျန်းမာရေးကြောင့် ထောင်ထဲမှာကော ထောင်ပြင်ပမှာ ဆုံးလာကြပါတယ်။ ဒါဟာ ထောင်တွင်းကရလာတဲ့ အခြေအနေတွေ၊ ရောဂါတွေ ထောင်ထဲမှာ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကြောင့်မို့ နောက်ဆက်တွဲအနေနဲ့ အခုလိုမျိုး ထောင်ထဲမှာကော ထောင်ပြင်ပမှာပါ ဆုံးလာကြခြင်းဖြစ်တယ်လို့ ပြောလိုပါတယ်။”လို့ ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။
ပြည်သူတဦးကလည်း “ဘက်ပေါင်းစုံကအလင်းပြပေးနေတဲ့သူတွေကိုသတ်နေတာ၊ ပြည်သူတွေကို သတ်နေတဲ့လူသတ်ကောင်ဟာ အာဏာရူးအကြမ်းဖက်မိစ္ဆာတွေပဲ”လို့ရွှေညဝါဆရာတော်နဲ့ ဆရာမောင်သာချို ကွယ်လွန်ခဲ့တဲ့အပေါ်မှတ်ချက်ပြုပါတယ်။
ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ဒီနေ့ မနက်ပိုင်းမှာ မှော်ဘီမြို့နယ်ရှိ ရွှေညဝါဓမ္မရတနာကျောင်းတိုက်ကို ပို့ဆောင်ထားပါတယ်။ ဆရာမောင်သာချိုရဲ့နာရေးကတော့ လာမယ့်ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီမှာ ရေဝေးသုဿန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အကျဥ်းထောင်က တရက်တည်း ထွက်လာကြတဲ့ ဆရာတော်နဲ့ ဆရာမောင်သာချိုတို့ဟာ မိုးလယ်ကာလမှာ အမိနိုင်ငံကို စိတ်မချလက်မချနဲ့ တပြိုင်တည်း ပြန်လည် ထွက်ခွာသွားခဲ့ကြပါတယ်။ ။
