အခုလ အစောပိုင်းမှာ တရုတ်လေယာဉ် နှစ်စီးဟာ ရုရှားလေပိုင်နက်ထဲမှာ ပျံသန်းရင်း ခေါင်းချင်းဆိုင် တိုက်လုနီးပါး အခြေအနေမျိုး ကြုံခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၆ ရက်နေ့ ဖြစ်ရပ်ဟာ လေကြောင်း သယ်ယူပို့ဆောင်မှု လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်တကြီး ဆွေးနွေးမှုတွေကို ပိုပြီး မြင့်တက်လာစေခဲ့ပါတယ်။ တရုတ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ပုံမှန် ပျံသန်းနေတဲ့ အမြင့်ကို ရုတ်တရက် ပြောင်းလဲလိုက်ရာက SF လေကြောင်းလိုင်းရဲ့ ကုန်တင်လေယာဉ် တစ်စီးနဲ့ တိုက်မိမယ့် အခြေအနေမျိုးဆီ ဦးတည်သွားခဲ့တာလို့ ဆိုပါတယ်။
မွန်ဂိုလီးယားနဲ့ ထိစပ်နေရာ ရုရှားပိုင် ဆိုက်ဘေးရီးယား ပြည်နယ်ရဲ့ တူဗာဒေသ ကောင်းကင်ယံမှာ လေယာဉ်နှစ်စီး အရမ်းနီးနီးကပ်ကပ် ဖြစ်သွားခဲ့တာလို့ လေကြောင်း ပျံသန်းမှု ခြေရာခံ စနစ်တွေက မှတ်တမ်းတင်ထားခဲ့ပါတယ်။ တရုတ် ခရီးသည်တင် လေယာဉ်ကို အဲဒီလို လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က ညွှန်ကြားခဲ့တာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီအစား လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဟာ တူဗာမှာရှိတဲ့ နောက်ထပ် လေယာဉ် တစ်စီးကိုပဲ အမြင့်ပေ ပြောင်းလဲ ပျံသန်းဖို့ ညွှန်ကြားခဲ့ပြီး တရုတ်လေကြောင်းလိုင်း လေယာဉ်မှူးက နားလည်မှု လွဲသွားတယ်လို့ ယူဆရပါတယ်။ အကျိုးဆက်အဖြစ် ခရီးသည်တင် လေယာဉ်နဲ့ ကုန်တင်လေယာဉ်တို့ဟာ တစ်စီးနဲ့တစ်စီးကြား ပေ ၃၀၀ ဝန်းကျင်လောက် အကွာထိ နီးကပ်သွားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာ စံသတ်မှတ်ထားတဲ့ လေယာဉ်နှစ်စီးကြား အနည်းဆုံး ထားရှိရမယ့် အကွာအဝေးက ပေ ၁၀၀၀ ဖြစ်ပါတယ်။

Public Service Announcement
တရုတ် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၆၇ ဖြစ်တဲ့ Airbus A350 အမျိုးအစား လေယာဉ်ဟာ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမြို့ကနေ အီတလီရဲ့ မီလန်မြို့ဆီ ဦးတည် ပျံသန်းနေခဲ့တာပါ။ အဲဒီ လေယာဉ်ဟာ အမြင့်ပေ ၃၄၁၀၀ မှာ ပျံသန်းနေရာကနေ ရုတ်တရက် အမြင့်ပေ ၃၆၀၀၀ ဆီကို ဆွဲတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟန်ဂေရီရဲ့ မြို့တော် ဘူဒါပက်စ်ကနေ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဟူပေပြည်နယ်ထဲက အီဇူမြို့ဆီ ပျံသန်းလာတဲ့ ကုန်တင်လေယာဉ်နဲ့ ခေါင်းချင်းဆိုင် တိုက်မိလုနီးပါး လမ်းကြောင်းဆီ ရောက်သွားခဲ့တာပါ။
လေယာဉ်မှူးတွေနဲ့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကြားမှာ အင်္ဂလိပ်လို ဆွေးနွေး ပြောဆိုထားတဲ့ အသံဖိုင်တွေက အခုသီတင်းပတ်အတွင်း လူမှုကွန်ရက်မှာ ပေါက်ကြားလာခဲ့ပါတယ်။ အဲဒီအသံတွေအရ ရုရှား လေကြောင်းထိန်းသိမ်းရေး မျှော်စင် တာဝန်ရှိသူတွေဟာ တပြိုင်တည်းမှာ လေယာဉ် ၄ စီးကို ညွှန်ကြားချက်တွေ ပေးနေခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ နောက်ထပ် နှစ်စီးကလည်း တရုတ် ခရီးသည်တင် လေယာဉ်တွေဖြစ်ပြီး ဘေဂျင်းကနေ ဆွစ်ဇာလန်နိုင်ငံရဲ့ ဂျနီဗာမြို့နဲ့ ချက်နိုင်ငံရဲ့ ပရာ့ဂ်မြို့တွေဆီ အသီးသီး ဦးတည်နေခဲ့တာပါ။
လေကြောင်းထိန်းသိမ်းရေး မျှော်စင်က ဂျနီဗာကို သွားနေတဲ့ လေယာဉ်ကို အမြင့်ပေ ပြောင်းလဲဖို့ လမ်းညွှန်ခဲ့တာ ဖြစ်ပြီး ခရီးစဉ်အမှတ် ၉၆၇ လေယာဉ်မှူးက သူ့ကို ပြောခဲ့တာလို့ ယူဆခဲ့ဟန် ရှိပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပေါက်ကြားလာတဲ့ အသံဖိုင်ကို ဘယ်သူက စတင်ဖြန့်ဝေခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။
ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရုတ်လေကြောင်းလိုင်း၊ SF လေကြောင်းလိုင်း၊ ပြီးတော့ တရုတ် အရပ်ဖက် လေကြောင်း စီမံခန့်ခွဲရေး ဦးစီးဌာနတို့ကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အသံဖိုင်ထဲမှာတော့ တရုတ် လေကြောင်းလိုင်း လေယာဉ်မှူးတွေက ရုရှား လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က အမျိုးသမီးရဲ့ ညွှန်ကြားချက် မရှင်းလင်းဘူး ဆိုတာမျိုး အပြစ်တင်ထားတာကို ကြားခဲ့ရပါတယ်။ လေယာဉ်မှူး တစ်ဦးက အခုလို ဖြစ်သွားခဲ့တဲ့ အကြောင်းကိုလည်း ဌာနချုပ် ရောက်ရင် အစီရင်ခံစာ ပြန်တင်မယ်လို့ ပြောထားခဲ့ပါတယ်။ အလားတူ SF လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကလည်း အခုကိစ္စကို ဌာနချုပ်ဆီ ပြန်တင်ပြမယ်လို့ ပြောဆိုထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: SCMP
