close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစိဖိတ်မှာ တရုတ် စစ်ရေးလှုပ်ရှားမှုတွေဟာ မဟာဗျူဟာ စိန်ခေါ်မှုကြီး ဖြစ်လာကြောင်း ဂျပန်သုံးသပ်

ပစိဖိတ် သမုဒ္ဒရာထဲမှာ စစ်ရေးလှုပ်ရှားမှုတွေဟာ အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတယ်လို့ ဂျပန်က ပြောကြားခဲ့ပါတယ်။

AP

ပစိဖိတ် သမုဒ္ဒရာထဲမှာ စစ်ရေးလှုပ်ရှားမှုတွေဟာ အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတယ်လို့ ဂျပန်က ပြောကြားခဲ့ပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကာကွယ်ရေး အစီရင်ခံစာ အသစ်မှာတော့ နိုင်ငံရဲ့ အရှေ့တောင်ဖက်၊ ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်ရာ ကမ်းလွန်မှာ တရုတ် စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ လှုပ်ရှားမှု ပိုမို ထူထပ် များပြားလာနေခြင်းရဲ့ ဖိအား သက်ရောက်မှုတွေ အကြောင်းကို အလေးပေး ထောက်ပြထားခဲ့ပါတယ်။ အဲဒီ အခြေအနေဟာ နိုင်ငံအတွက် မဟာဗျူဟာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနေတယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒါ့အပြင် တရုတ်က ရုရှားနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်လာနေတာကလည်း အမေရိကန် မဟာမိတ်ဖြစ်တဲ့ ဂျပန်အတွက် လုံခြုံရေး စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာထဲမှာတော့ မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေ၊ ထိုင်ဝမ်ကျွန်းကို ဗဟိုပြုတဲ့ တင်းမာမှုတွေကလည်း ဂျပန်အပေါ် သက်ရောက် ရိုက်ခတ်နိုင်တဲ့ ကိစ္စတွေအဖြစ် စာရင်းဖော်ပြထားခဲ့ပါတယ်။

အစိုးရဆီ နှစ်စဉ်ပုံမှန် တင်သွင်းတဲ့ အစီရင်ခံစာထဲမှာတော့ ဂျပန်သာ မကဘဲ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံးဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မကြုံစဖူး ကြီးမားတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ အကျပ်အတည်း ကာလမျိုးကို ဖြတ်သန်းနေရကြောင်း သုံးသပ်ပြထားခဲ့ပါတယ်။ နောက်ပြီး တရုတ်နဲ့ အမေရိကန်ကြားက ပြိုင်ဆိုင်မှုတွေ မြင့်တက်လာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်သင့်တဲ့ ရှုထောင့်တွေကိုလည်း တင်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ ပါဝင်နေတဲ့ အင်ဒို-ပစိဖိတ် ရပ်ဝန်းရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှု ပြဿနာတွေဟာ အနာဂတ်မှာ ပိုလို့တောင် ဆိုးလာနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အကြီးစား ခြိမ်းခြောက်မှု ဖြစ်လာနေတယ်ဆိုတဲ့ ဂျပန်ရဲ့ စွပ်စွဲချက်ကို တရုတ်ကတော့ ငြင်းဆိုထားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှီ လီကျန်းက ဂျပန်ရဲ့ အစီရင်ခံစာဟာ တရုတ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ချဉ်းကပ်မှုတွေနဲ့ သုံးသပ်ထားကြောင်း၊ တရုတ်ရဲ့ ပြည်တွင်းရေး ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှု မြောက်နေပြီး တရုတ်က အန္တရာယ် ပေးနိုင်ပါတယ် ဆိုတာမျိုး မဟုတ်မမှန် ပုံဖော်နေကြောင်း တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျပန်ဆီ တရားဝင် အသိပေး ကန့်ကွက်ထားပြီး တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ ဥပဒေနဲ့ ကိုက်ညီပြီး ကြောင်းကျိုးဆီလျော်မှု ရှိတယ်လို့ သူက ဆိုပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေ ဖြန့်ကျက်မှုကို သိသိသာသာ ချဲ့ထွင်လာခဲ့ပါတယ်။ ဂျပန်ရဲ့ အရှေ့တောင်ပိုင်း ရေပြင်မှာတော့ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ၃ ဆလောက် တိုးလာတယ်လို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရေတပ်ရဲ့ ဩဇာချဲ့ထွင်မှုကို တန်ပြန်တဲ့ အနေနဲ့ အသုံးပြုပြီးသား ဖျက်သင်္ဘောတွေကို ဖိလစ်ပိုင်ဆီ လွှဲအပ်ပေးသွားဖို့ ဂျပန်က စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံရဲ့ လူနေနည်းပါးပြီး ဝေလံခေါင်သီတဲ့ ကျွန်းလေးတစ်ခုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ငလျင်ပေါင်း ၉၀၀ ကျော် လှုပ်ခတ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အချိန်မရွေး ကြုံတွေ့လာနိုင်တဲ့ ဧရာမ ကမ်းလွန်ငလျင်ကြီးအတွက် ကြိုတင် ပြင်ဆင်မှုဆိုင်ရာ အချက်အလက် အသစ်တွေကို ဂျပန် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည်၏ (၈၀)နှစ်ပြည့် မွေးနေ့အဖြစ် လူထုလှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့သည်။