close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ ပစ်ခတ်နေကြမယ့်အစား ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေ ပိုက်ကျော်ခြင်း ကစားကြဖို့ သက်ဆင်ပြော

နယ်စပ်မှာ ပစ်နေခတ်နေကြမယ့်အစား နှစ်ဖက် ချိန်းပြီး ပိုက်ကျော်ခြင်း ကစားကြတာ ပိုကောင်းလိမ့်မယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကို ရည်ရွယ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

The Nation

နယ်စပ်မှာ ပစ်နေခတ်နေကြမယ့်အစား နှစ်ဖက် ချိန်းပြီး ပိုက်ကျော်ခြင်း ကစားကြတာ ပိုကောင်းလိမ့်မယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကို ရည်ရွယ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ နှစ်နိုင်ငံ နယ်စပ်က ပိုင်နက်အငြင်းပွားရာ နေရာတစ်ခုမှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စအပြီး သက်ဆင်က သူ့ရဲ့ သဘောထားကို ထုတ်ပြောခဲ့တာပါ။

နမ်ယွန်ခရိုင်နားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပြီး အခြေအနေတွေ ပိုဆိုးမလာအောင် နှစ်ဖက်စလုံးက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းကိုင်တွယ်နိုင်မယ် ဆိုတာကို သူက အပြည့်အဝ ယုံကြည်တယ်လို့လည်း သက်ဆင် ဆိုပါတယ်။

ဒီကိစ္စဟာ နယ်စပ်စည်း တိတိကျကျ သတ်မှတ်ဖို့ခက်တဲ့ နေရာတစ်ခုမှာ နှစ်ဖက်စစ်တပ်ရဲ့ အောက်ခြေစစ်သားတွေကြား အသေးစား ထိတွေ့မှု တစ်ခုထက် မပိုဘူးလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်စည်း သတ်မှတ်ချက်တွေက အရမ်းရှင်းရှင်းလင်းလင်း ရှိမနေကြောင်း၊ ဒီအခြေအနေမှာ နှစ်ဖက်စလုံးက ဆုတ်ခွာပေးပြီး အစောင့်တပ်တွေ မထားတဲ့ နယ်မြေအဖြစ် ထားရှိတာက ပိုကောင်းမှာဖြစ်ကြောင်း သက်ဆင်က ဆိုပါတယ်။

နယ်စပ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ရဲ့ ဖခင်ဖြစ်သူ သက်ဆင်ရဲ့ သဘောထားဟာ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ ဖခင်ဖြစ်သူ ဟွန်ဆန်းရဲ့ အမြင်နဲ့တော့ ကွာဟနေပါတယ်။ သက်ဆင်က အခုပြဿနာကို မေ့မေ့ပျောက်ပျောက်နဲ့ ပြေရာပြေကြောင်း ပြောခဲ့ပေမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းကတော့ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးရတဲ့ထိ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် ပတ်သက် ဆက်နွှယ်သူ အားလုံးကို ရှုတ်ချကြောင်း Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဟွန်ဆန်းက ထိုင်းတပ်ဖွဲ့ဝင်တွေကို ကျူးကျော်ဝင်ရောက်လာသူတွေလို့ စွပ်စွဲ သုံးနှုန်းထားပြီး သူတို့လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ စစ်သားရဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ဆိုပါတယ်။ ငြိမ်းချမ်းတဲ့၊ ပူးပေါင်းဆောင်ရွက်တဲ့၊ ခင်မင်ဖော်ရွေတဲ့ နယ်စပ်အရေးတွေမှာ ဒီအခြေအနေမျိုး လုံးဝ ဖြစ်မလာခဲ့သင့်ဘူးလို့ ဟွန်ဆန်းက ဆိုပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေ၊ ဒါမှမဟုတ် အမိန့်ပေး ခိုင်းစေသူတွေ အားလုံးကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဟွန်ဆန်းက ရေးသားထားသလို နယ်စပ်မှာ ကမ္ဘောဒီးယားက စစ်တပ်တွေ၊ လက်နက်ကြီးတွေ တိုးမြှင့်ဖြန့်ကျက်ပြီး ကာကွယ်ရေး အစီအမံတွေကို ချဲ့ထွင်မှာကို လေးလေးနက်နက် ထောက်ခံတယ်လို့ သူ့သဘောထားကို ထုတ်ပြောထားခဲ့ပါတယ်။

သက်ဆင်က ဟွန်ဆန်းရဲ့ Facebookပို့စ်ကို ဖတ်ပြီးပြီလို့ အတည်ပြုခဲ့ပါတယ်။ သူ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်း အချင်းချင်း ဟွန်ဆန်းနဲ့ ဆက်သွယ်ပြီး အခုကိစ္စကို စကားပြောဖြစ်သလားလို့ သတင်းထောက်တွေက မေးတဲ့အခါ သက်ဆင်က နှစ်ဖက် အစိုးရတွေကြားမှာ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ဟွန်ဆန်းနဲ့ သူနဲ့ကြားမှာ အရင်ကတည်းက ပုံမှန် အဆက်အဆံ ရှိကြောင်း၊ လက်ရှိမှာလည်း ဘာမှ ကြီးကြီးမားမား ပြဿနာ မရှိကြောင်း၊ သူ့အမြင်မှာတော့ နယ်စပ်မှာ စစ်တပ်နှစ်တပ် ပစ်ခတ်နေမယ့်အစား ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းကြတာ ပိုကောင်းမယ် ထင်ကြောင်း၊ ဥပမာ ညနေပိုင်းဆိုရင် နှစ်ဖက် ချိန်းဆိုပြီး ပိုက်ကျော်ခြင်း ကစားတာမျိုး လုပ်သင့်ကြောင်း သက်ဆင်က ပြောကြားသွားပါတယ်။

အခုအခါ နှစ်နိုင်ငံစလုံးက နယ်စပ်မှာ တပ်တွေနဲ့ လက်နက်ကြီးတွေ ပိုမိုတိုးမြှင့် ချထားဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို သက်ဆင်က ပယ်ချခဲ့ပြီး အစိုးရိမ် ကြီးစရာ မလိုဘူးလို့ ပြောပါတယ်။ သူက ဘာအန္တရာယ်မှ မရှိသလို နယ်စပ်မှာ တပ်တွေအားလုံး ပြန်ရုပ်သိမ်းထားကြပြီးဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

Facebookပေါ်က ဟွန်ဆန်းရဲ့ လေသံက အတော်လေး တင်းမာပေမယ့် သက်ဆင်ကတော့ ကိစ္စတွေက တိုးတက်လာမှာ ဖြစ်သလို တချို့ သတင်းစကားတွေက အကောက်အယူ လွဲတာတွေလည်း ရှိနိုင်ကြောင်း၊ နှစ်ဖက်စလုံးဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

နယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို နားလည်စေချင်တာက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီး စစ်ရေးပဋိပက္ခကို ကြိမ်းသေ ရှောင်လွှဲနိုင်သင့်တယ် ဆိုတာဖြစ်ကြောင်း သက်ဆင်က ဆက်ပြီး ပြောကြားသွားပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြားမှာ မိနစ်ပိုင်းလောက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်ပကို ထွက်ပြေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ငြင်းပယ်သွားခဲ့ပါတယ်။

သတင်း

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ