ဇူလိုင်-၁၅၊ ၂၀၂၅။ ထားမြတ်၊ သတိုး/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင် စစ်ကောင်စီစခန်းကို အင်အားဖြည့်ရန်လာသည့် စစ်ကြောင်းကို KNU ပူးပေါင်းတပ်က ယမန်နေ့နှင့် ယနေ့ဇူလိုင် ၁၅ရက်တွင် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ လက်နက်နှင့် စစ်သုံ့ပမ်းများ ရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ကမ်းရိုးတမ်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၃၊ ခလရ ၂၈၂၊ ခမရ ၄ဝ၈၊ ခမရ ၄၀၉ နှင့် ခမရ ၄၁ဝ စသည့် တပ်ရင်း(၅) ရင်းဖြင့် စစ်ကြောင်းဖွဲ့စည်းပြီး နတ်အိမ်တောင် ဧရိယာသို့ စစ်ကောင်စီက ဇူလိုင်လ ပထမပတ်တွင် ထိုးစစ်ဆင်လာရာ ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်နေ့များတွင် KNU ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်မှူး အောင်ကိုဟိန်း အပါအဝင် ၄ဦး သေဆုံးခဲ့ပြီး လက်နက် ၂လက်ရရှိထားဟု အသိပေးထားသည်။
အဆိုပါ စစ်ကြောင်းကို ဇူလိုင် ၁၄ရက်နှင့် ၁၅ရက်တွင် KNLA တပ်မဟာ(၄) နှင့် တပ်မဟာ(၆)၊ အထူးဗျူဟာ(၂)နှင့် ပူးပေါင်းတပ်များက ထပ်မံ တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိပြီး စစ်ကောင်စီ တပ်သား(၄)ဦးအားလည်း လက်ရဖမ်းဆီး ရမိခဲ့ဟု အသိပေးသည်။ သိမ်းဆည်းရရှိ လက်နက်များ ဓာတ်ပုံမှတ်တမ်းကို ဖော်ပြထားရာ လက်နက်ကြီး၊ငယ် ၉လက် ရရှိထားသည်ကို တွေ့ရသည်။

Public Service Announcement
ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကို သိမ်းယူကာ စွန့် ပစ်ထားခဲ့သောကြောင့် KNLA နှင့်ပူးပေါင်းတပ်များက အဆိုပါဒဏ်ရာရရှိသူကို စစ်ပြေပြင်မှ ဆေးကုသနိုင်သည့်နေရာအထိ ထမ်းပိုးခေါ်ဆောင်ပေးကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး နိုင်ငံတကာစစ်သုံ့ပန်းကျင့်ဝတ်များနှင့်အညီ စောင့်ရှောက်ထားကြောင်း ဖော်ပြထားသည်။
“ကျနော်တို့ ရဲဘော်တွေအသက်ကို သူတို့တန်ဖိုးမထားပါဘူး။ ကိုယ်တွေ့ပါပဲ။ တိုက်ပွဲမှာ ဒဏ်ရာရရင် ကိုယ့်ရဲဘော်ဆိုပြီး ပြန်သယ်မယ် ဆေးကုပေးမယ် လို့တော့ လုံးဝမမျှော်လင့်ပါနဲ့။ ကျနော့်လိုပဲ စွန့်ပစ်ခံရမှာပါပဲ”ဟု ဒဏ်ရာရရှိချိန်တွင် စွန့်ပစ်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အခွင့်အရေး ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ရန် ၎င်းက တိုက်တွန်းထားသည်။
KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ဇူလိုင် ၇ရက်က မြန်မာ-ထိုင်းနယ်စပ်ရှိ သုခစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ သုခစခန်းမသိမ်းမီ တပတ်ခန့်အလို ဇူလိုင် ၁ရက်တွင် သုခစခန်း တာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး(ခ)စောမိုးဇက်သည် KNLA တပ်မဟာ(၄)နှင့် ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းလာခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း နတ်အိမ်တောင်စခန်းမှ တပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်သည်လည်း ဗိုလ်ကြီးမျိုးဆွေဦးမှတဆင့် KNU တပ်မဟာ(၄)နှင့်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့သည်။
အဆိုပါ နတ်အိမ်တောင်စခန်းသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းရန် ဆောင်ရွက်လာ၍ တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် သေဆုံးသူများ ဒဏ်ရာရသူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။
