ပြည်ပကို ထွက်ပြေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ငြင်းပယ်သွားခဲ့ပါတယ်။
တရားရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် သက်ဆင်ဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကောလာဟလတချို့ ပျံ့နှံ့ခဲ့ပြီး သက်ဆင်ကတော့ ဒီစကားတွေဟာ အခြေအမြစ် မရှိတဲ့ လုပ်ဇာတ်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
မေလ ၂၇ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သက်ဆင်က သူဟာ အခုထိ ထိုင်းမှာရှိနေဆဲဖြစ်ကြောင်း၊ ကောင်းကောင်းမွန်မွန် နေထိုင်နေကြောင်း၊ ဘယ်ကိုမှ ထွက်မပြေးကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကောလာဟလတွေအရ သက်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်ကို သွားရောက်ခဲ့တဲ့ သမီးဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်ဆီ လိုက်သွားခဲ့သေးတယ်လို့လည်း သိရပါတယ်။ အဲဒီ အချက်ကိုလည်း သက်ဆင်က ငြင်းသွားပါတယ်။

Public Service Announcement
တရားရုံးချုပ် လက်အောက်ခံ နိုင်ငံရေး ရာထူးများဆိုင်ရာ ရာဇဝတ်မှု စုံစမ်းရေးဌာနရဲ့ ဆုံးဖြတ်ချက် တစ်ခုကို အကြောင်းပြုပြီး ကောလာဟလတွေ စတင်လာခဲ့တာပါ။ သက်ဆင်ဟာ နှစ်ရှည်လများ ထွက်ပြေး တိမ်းရှောင်နေရာကနေ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီးတဲ့နောက် ထောင်ဒဏ် ကျခံရချိန်မှာ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ အဲဒီနောက် ဆေးရုံမှာ နေထိုင်ခွင့်ကို သက်တမ်းတိုးသွားခဲ့ပြီး ပြစ်ဒဏ်စေ့တဲ့ထိ သူဟာ ထောင်ထဲပြန်မသွားဘဲ ဆေးရုံမှာပဲ ဖြတ်သန်း အချိန်ကုန်ခဲ့ပါတယ်။
တရားရုံးချုပ် လက်အောက်ခံ ဌာနရဲ့ ဧပြီ ၃၀ စီရင်ချက်မှာတော့ သက်ဆင်ရဲ့ ဆေးရုံမှာ သက်တမ်းတိုး နေထိုင်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်တွေကို ပယ်ချသွားခဲ့ပါတယ်။ ဒါပေမဲ့ သက်ဆင်ဟာ ထောင်ထဲကနေ ဆေးရုံဆီ ရွှေ့ပြောင်းမှုဟာ ဥပဒေနဲ့ ညီညွတ်ခဲ့ရဲ့လား ဆိုတာကိုတော့ ပြန်လည် စိစစ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအတွက် နောက်ထပ် ကြားနာမှုကို ဇွန် ၁၃ ရက်မှာ ရုံးချိန်းခေါ်ယူထားပါတယ်။
သက်ဆင်ဟာ မျက်ကွယ်မှာ ချမှတ်ခံထားရတဲ့ အဂတိ စွပ်စွဲချက် ၃ ခုအတွက် အစောပိုင်းမှာ ထောင်ဒဏ် ၈ နှစ် ချမှတ် ခံထားရပါတယ်။ ဒါပေမဲ့ ထိုင်းကို သူပြန်ရောက်လာတဲ့ အချိန်မှာပဲ ထိုင်းဘုရင်ရဲ့ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အဲဒီပြစ်ဒဏ်ကို ထောင်ဒဏ် ၁ နှစ်ထိ လျှော့ချခဲ့ပါတယ်။ သက်ဆင်ဟာ အကျဉ်းထောင်မှာ ခဏလောက်သာ နေခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ် ပြဿနာ တစ်ခုကြောင့် ထိုင်းရဲတပ်ဖွဲ့ ဆေးရုံဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ အဲဒီနောက် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်အရ သက်ဆင်ဟာ ရက်ပေါင်း ၁၈၀ အကြာမှာ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ကနေ ပြန်လွတ်တဲ့ အချိန်ထိ သူဟာ ဆေးရုံမှာသာ နေခဲ့ပြီး ထောင်ဆီကို ဘယ်တုန်းကမှ ပြန်မသွားခဲ့ပါဘူး။
ထောင်ကျနေချိန် တလျှောက်လုံး သက်ဆင်က ဆေးရုံမှာ၊ အထူးသဖြင့် VIPအခန်းမျိုးမှာပဲ တောက်လျှောက် နေထိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ပြစ်ဒဏ် ကျခံနေရသူ တစ်ဦးကို မျက်နှာသာပေးတဲ့ ဆက်ဆံမှုမျိုးလို့ အတိုက်အခံတွေ စွပ်စွဲ ထောက်ပြထားကြပါတယ်။
ကိုးကား: Nation
