close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟွန်ဆန်းနဲ့ ညီရင်းအစ်ကိုလို ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီလို့ သက်ဆင်ပြော

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းကြားက ညီရင်းအစ်ကိုလို ရင်းနှီးတဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကြေညာလိုက်ပါတယ်။

AP

သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းကြားက ညီရင်းအစ်ကိုလို ရင်းနှီးတဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကြေညာလိုက်ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် တာဝန်ယူထားတဲ့ သမီးဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်ကို အကြီးအကျယ် ဒုက္ခရောက်စေမယ့် ဖုန်းအသံဖိုင်တစ်ခု ပေါက်ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဟွန်ဆန်းနဲ့ သူနဲ့ကြားက ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ သက်ဆင်က ပြောပါတယ်။

ဖေထောင်ထန်ဟာ လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားသူ ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းပြောခဲ့ရာမှာ ထိုင်းစစ်တပ်ကို ဝေဖန် ပုတ်ခတ်တဲ့ စကားလုံးတွေ သုံးနှုန်းမိခဲ့ပြီး အဲဒီ အသံဖိုင် ပေါက်ကြားသွားတဲ့ အချိန်မှာတော့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက လက်ခံခဲ့ပြီး ဖေထောင်ထန်ကို ဝန်ကြီးချုပ် ရာထူးကနေပါ ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်ကိစ္စ အငြင်းပွားမှုတွေ ရှိနေချိန်မှာ နိုင်ငံရဲ့ အရေးကိစ္စတွေကို ဟွန်ဆန်းနဲ့ ဆွေးနွေးရမလားဆိုပြီး ဖေထောင်ထန်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာတော့ ဖေထောင်ထန်ဟာ ဟွန်ဆန်းကို ဦးလေးလို့ ရင်းရင်းနှီးနှီး ပြောဆို ခေါ်ဝေါ်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆွေးနွေးပွဲ အစီအစဉ် တစ်ခုကို တက်ရောက်ခဲ့ချိန်မှာ သက်ဆင်က သူ့ရဲ့သမီးဟာ ဟွန်ဆန်နဲ့ နှစ်ဦးတည်း စကားပြောဖြစ်မယ့် အခြေအနေ တစ်ခုဆီ လျှို့ဝှက် သိမ်းသွင်း ခံခဲ့ရပြီး အသံဖမ်းထားမယ် ဆိုတာကိုလည်း သတိမပြုမိခဲ့ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်ရေးရာ တင်းမာမှုတွေ ဖြစ်လာချိန်မှာ ဟွန်ဆန်းက ဖေထောင်ထန်နဲ့ စကားပြောဖို့ ခွင့်တောင်းခဲ့ပြီး အဲဒီအတွက်လည်း ဖေထောင်ထန်က ဇွန်လ ၁၅ ရက်နေ့မှာ ဘန်ကောက်က ဟိုတယ် တစ်ခုဆီကို ဒုတိယ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်၊ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ၊ ဝန်ကြီးချုပ် အကြံပေး ပရွမ်မင် လတ်ဆူရီဒတ်ဂျ်တို့နဲ့ အတူသွားပြီး ဟွန်ဆန်းရဲ့ ဖုန်းအခေါ်ကို စောင့်ဆိုင်းခဲ့ကြောင်း သက်ဆင်က ဆိုပါတယ်။

ဒါပေမဲ့ ၃ နာရီလောက် ကြာတဲ့ထိ ဖုန်းဆက်မလာကြောင်း၊ နောက်မှ စကားပြန် တစ်ယောက်က ဟွန်ဆန်း အိပ်ပျော်နေလို့ပါဆိုပြီး အသိပေးလာကြောင်း၊ ဒါကြောင့် သူက သမီးဖြစ်သူကို စောင့်နေစရာ မလိုဘဲ အိမ်ပြန်ဖို့ လှမ်းပြောခဲ့ကြောင်း သက်ဆင်က ပြောပါတယ်။ သိပ်မကြာခင်မှာပဲ ဟွန်ဆန်းက သူ့သမီးရဲ့ ပုဂ္ဂိုလ်ရေး အသုံးပြုတဲ့ နံပါတ်ကို ဖုန်းလှမ်းခေါ်ခဲ့တယ်လို့ သက်ဆင်က ဆက်ပြောပါတယ်။

ဟွန်ဆန်းဟာ တကယ်တမ်း အိပ်ပျော်နေခဲ့တာ မဟုတ်ဘဲ ဖေထောင်ထန်နဲ့ ဖုန်းပြောပြီး အသံသွင်းချင်လို့ တမင်ဉာဏ်ဆင်ထားခဲ့တာလို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်တဲ့ သူ့သမီးဟာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကြောင့် ဟွန်ဆန်းနဲ့ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းချင်တဲ့ သဘောထား ရှိခဲ့ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်လည်း ဟွန်ဆန်းလို လူစားကို ယုံမိလို့ အကြီးအကျယ် မှားခဲ့ကြောင်း သက်ဆင်က ဆိုပါတယ်။

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး တင်းမာနေမှု၊ ဖုန်းအသံဖိုင် ပေါက်ကြားမှုကြောင့် ဖေထောင်ထန် အခက်ကြုံမှုတွေနဲ့ ပတ်သက်လို့ ဒါဟာ သက်ဆင်ဆီက ပထမဆုံးအကြိမ် လူသိရှင်ကြား သဘောထား မှတ်ချက်ပေးမှုတွေ ဖြစ်လာပါတယ်။ သူ့သမီးနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင်ကို ဟွန်ဆန်းက တမင်တကာ ဖွင့်ချလိုက်တယ် ဆိုတာကို သိရတော့ အရမ်း တုန်လှုပ်မိခဲ့ကြောင်းလည်း သက်ဆင်က ဝန်ခံခဲ့ပါတယ်။

သူ့အတွက်တော့ ဟွန်ဆန်းဟာ ညီအစ်ကိုအရင်းအချာလို ဆက်ဆံရေးမျိုး ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ သူ့သမီးအပေါ် ဟွန်ဆန်း လုပ်ခဲ့တာက အရမ်း အံ့ဩ ထိတ်လန့်စရာ ဖြစ်နေပြီး ယုံတောင် မယုံနိုင်ကြောင်း၊ အခုတော့ သူနဲ့ ဟွန်ဆန်းကြားက ဆက်ဆံရေး လုံးဝ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းလည်း သက်ဆင်က ပြောကြားသွားပါတယ်။

သက်ဆင်က သူဟာ ဒေါသကို မထိန်းနိုင်မှာစိုးလို့ ဟွန်ဆန်းဆီကို တိုက်ရိုက်တော့ ဖုန်းမခေါ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ သူ့သမီးကို ဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံရတဲ့ထိ ဖြစ်သွားစေခဲ့တဲ့နောက် သူက ဟွန်ဆန်းဆီ SMSကနေ စာပို့ခဲ့ပြီး ဟွန်ဆန်း လုပ်လိုက်တဲ့ ကိစ္စက သူရော၊ ဟွန်ဆန်းကိုပါ ထိခိုက်စေတယ်လို့ပဲ ပြောခဲ့ကြောင်း သက်ဆင်က ဆက်ပြောပါတယ်။ ဟွန်ဆန်းက အခုကိစ္စကို တိုက်ရိုက် အကြောင်းမပြန်ပေမယ့် အခြေအနေတွေ အဲဒီလောက် တင်းတင်းမာမာ ဖြစ်ကုန်မယ်လို့ မထင်မိဘူး ဆိုတာပဲ ဝန်ခံခဲ့တယ်လို့ သက်ဆင်က ပြောပါတယ်။

ဟွန်ဆန်းဟာ သူနဲ့ ဖေထောင်ထန်ကို ထိခိုက်အောင် လုပ်ရုံသာ မကဘဲ ကိုယ့်ကိုယ်ကိုယ်ပါ အပျက်စီး ခံလိုက်ရတာဖြစ်ကြောင်း၊ အခုဆိုရင် ဟွန်ဆန်းမှာ ယုံကြည်စိတ်ချစရာ တစ်ကွက်မှ မရှိတော့ဘဲ ဘယ်သူကမှလည်း ယုံတော့မှာ မဟုတ်ကြောင်း သက်ဆင်က ဝေဖန်သွားခဲ့ပါတယ်။

သူကဆက်ပြီး လက်ရှိ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ ဖြစ်နေတဲ့ တင်းမာမှုတွေဟာ နှစ်နိုင်ငံ စစ်ဖြစ်တဲ့ထိ ကြီးထွားသွားမယ်လိုတော့ မထင်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ နယ်စပ် ပြဿနာ သက်သက်သာဖြစ်ပြီး စေ့စပ်ညှိနှိင်းမှုတွေနဲ့ အဖြေရှာနိုင်လိမ့်မယ်လို သက်ဆင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦးလို့ ကျော်ဇောတဲ့ ခုတ်အန်းနဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉ ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုတွေ၊ ဇိမ်ခံကားတွေနဲ့ ငွေသား ဘတ်...

နိုင်ငံတကာ

တစ်ချိန်က ညီရင်းအစ်ကို ဆက်ဆံရေးမျိုး ရှိတယ်လို့ ကိုယ်တိုင် ညွှန်းဆိုခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ သူ့ကို သစ္စာဖောက်ခဲ့ပါတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ အဲဒီအတွက်လည်း သက်ဆင်က ထိုင်းဘုရင်ကို သစ္စာဖောက်တာ အပါအဝင် ဆိုးရွားတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အကြောင်း...

နိုင်ငံတကာ

နယ်စပ်မှာ ပစ်နေခတ်နေကြမယ့်အစား နှစ်ဖက် ချိန်းပြီး ပိုက်ကျော်ခြင်း ကစားကြတာ ပိုကောင်းလိမ့်မယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကို ရည်ရွယ်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

နိုင်ငံတကာ

ပြည်ပကို ထွက်ပြေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ငြင်းပယ်သွားခဲ့ပါတယ်။