close
Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးအမှု NUG ကာကွယ်​ရေးဝန်ကြီးဌာနစစ်​ဆေး​နေ

ထိရောက်​သောပြစ်ဒဏ်များချမှတ်သွားမည်ဟု NUGကာကွယ်​ရေးဝန်ကြီးဌာန​ပြော​ရေးဆိုခွင့်ရှိသူပြော

မူးယစ်​ဆေးဝါးများနှင့် သယ်လာသူများကို CDF ဟားခါးက ဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CDFဟားခါး

ဇူလိုင်-၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

CDF ဟားခါးဖမ်းဆီးခဲ့သည့် မူးယစ်ဆေးအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)တရားရေးနှင့်စစ်စည်းကမ်းထိန်းသိမ်းရေးဌာနက ကိုင်တွယ်စစ်ဆေးနေသည်ဟု ​ဝန်ကြီးဌာနပြော​ရေးဆိုခွင့်ရှိသူဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေကပြောသည်။

“မြေပြင်ကဆက်စပ်နေရာတွေကိုဝင်ရောက်စစ်ဆေးရှာဖွေတာနဲ့ တရားခံတွေကိုဖမ်းဆီးနိုင်ရေး အလျင်အမြန်ပဲဆောင်ရွက်ခဲ့တာရှိပါတယ်”ဟုဦး​မောင်​မောင်​​ဆွေက​ပြောသည်။

ထို့အပြင်တရားခံအချို့ဖမ်းမိထားပြီး အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက်မြေပြင်၌ပူးပေါင်းစစ်ဆေးနေပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရေးလုပ်ဆောင်နေသည်ဟု၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“CDF ဟားခါးနဲ့ချိတ်ဆက်ပြီး ဖမ်းမိထားတဲ့ တရားခံတွေကို မြေပြင်မှာပူးပေါင်းစစ်ဆေးဆောင်ရွက်ဖို့လည်းလုပ်နေသလိုပဲ စစ်ဆေးချက်များအရ ထပ်မံပေါ်ပေါက်လာမဲ့ ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီးနိုင်ရေးကိုလည်း ဆက်လုပ်သွားရဖို့ရှိပါမယ်။ပြီးရင်တော့ ထိရောက်တဲ့ပြစ်ဒဏ်တွေကိုချမှတ်သွားဖို့ရှိပါမယ်”ဟုဦးမောင်မောင်ဆွေက ပြောသည်။

MOD အောက်ရှိ ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ​တော်လှန်​ရေးရဲ​ဘော် အချို့နှင့်အတူ ဟားခါးမြို့နယ်အတွင်း ဇူလိုင် ၈ရက်တွင် CDFဟားခါးက ဖမ်းမိခဲ့​ကြောင်းဇူလိုင် ၁၀ ရက်တွင်ထုတ်ပြန်သည်။

ယင်းမာပင်ခရိုင်တပ်ရင်း၁၄၊ ၁၅ဖြစ်သည့် Salingyi Special Task Force(SSTF) ကလည်း ဇူလိုင် ၁၀ ရက်ည​နေပိုင်းတွင် CDFဟားခါးမှ ဖမ်းဆီးခဲ့​သော ရဲ​ဘော်များနှင့် ပတ်သက်၍ မိခင်အဖွဲ့အစည်းမှ အပြည့်အ၀ တာဝန်ယူဖြေရှင်း‌ပေးသွား ဖြစ်​ကြောင်းထုတ်ပြန်သည်။ အဆိုပါဖြစ်စဥ်တွင် ဗားရ်တံတားသို့ ခဲယမ်းများသယ်​ဆောင်ရန်သာ ​ထောက်ခံစာ​ရေး​ပေးလိုက်ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး မိမိတို့အဖွဲ့အစည်းနဲ့ စိုးစဉ်းမျှပတ်သက်မှုမရှိပါဟု​ဖော်ပြထားသည်။

ထိုအပြင်NUG ဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဖြစ်ပြီး လွတ်မြောက်နေသူ ၂ဦးကိုလည်း လိုက်လံဖမ်းဆီးကာ MOD ထံသို့ အပ်နှံပေးမည်ဖြစ်သည်ဟုထုတ်ပြန်ခဲ့သည်။

ထို့​နောက်မူးယစ်ဆေးဝါးမှုတွင် ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးအနက် ကျော်မင်းဇော် (ခ) ပုတီးဆိုသူသည် ဇူလိုင်လ ၁၂ ရက်က ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံထံ ဆက်သွယ်၍ လာရောက်အဖမ်းခံခဲ့ကြောင်း SSTF က ထပ်မံသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိူင် ၁၄ တွင် လာအဖမ်းခံသူကျော်မင်းဇော် (ခ) ပုတီးကို ယင်းမာပင်ခရိုင် တပ်ရင်း(၁၄) ၊ (၁၅) နှင့် မြို့နယ်ပကဖတို့က စစ်​ဆေး၍ စုံစမ်းစစ်​ဆေး​ရေးပြုလုပ်ခဲ့ပြီး တပ်ရင်းနှင့်မသက်ဆိုင်ဘဲ ​ကျော်မင်း​ဇော်တို့ ၎င်းတို့ဘာသာကျူးလွန်​ကြောင်း ၊NUG ၏ အ​ရေးယူမှုကိုလည်း​ကျေနပ်စွာလက်ခံမည်ဟုထွက်ဆို​ကြောင်း ရုပ်သံနှင့်တကွ ဇူလိုင် ၁၄ ရက်တွင်ထပ်မံထုတ်ပြန်သည်။

သို့​သော် မူးယစ်​ဆေးအများအပြားသယ်​ဆောင်​သောအမှုကို တပ်ရင်းအဆင့်မှ ၎င်းတို့ဘာသာစုံစမ်းစစ်​ဆေး​ရေးပြုလုပ်သည်ဆိုခြင်းအ​ပေါ် PDF များက လုပ်ထိုးလုပ်နည်းလွှဲမှား​နေပြီး၊ တိုင်း၊စစ်​ဒေသ ၊NUGကာကွယ်​ရေးဝန်ကြီးဌာနကတိုက်ရိုက်ကိုင်တွယ်ရန် ​ဝေဖန်အကြံပြုခဲ့ကြသည်။

ထိုအပြင် PDF တပ်ရင်းမှူးအချို့ကလည်း ခဲယမ်းများသယ်ယူရာပါ တပ်ရင်းမှူး၏စာကိုခရိုင်မှူးထိတင်ပြပြီး ခွင့်ပြုချက်ရပါမှ သယ်ယူ၍ ရ​ကြောင်း​ လုပ်ငန်းစဥ်ကိုပြောသည်။

တော်လှန်ရေးကို လူထုအထင်အမြင်လွဲမှားစေမည့် မူးယစ်​ဆေးဝါးသယ်ယူ​သော လုပ်ရပ်အ​ပေါ်ပြင်းထန်စွာ ရှုတ်ချကြောင်း PDF ရဲဘော်အချို့ကပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ CDF ဟားခါးထံ​နောက်ဆက်တွဲ ဖြစ်စဥ်များ​မေးမြန်းရန် ဆက်သွယ်​သော်လည်း ဆက်သွယ်၍ မ​ရေ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးနှင့် ရဲ တစ်ဦးတို့ လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

မူးယစ်ဆေးအမှုမှ လာရောက်အဖမ်းခံခဲ့သူ တပ်ခွဲမှူးကျော်မင်းဇော် (ခ)ပုတီးကို စတင်စစ်ဆေးနေကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force(SSTF)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

CDF ဟားခါး ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးအမှုတွင် ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးအနက် ကျော်မင်းဇော် (ခ)ပုတီးဆိုသူသည် ဆားလင်းကြီးမြို့နယ် ပကဖဒုတာဝန်ခံထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၄၊ ၁၅)ဖြစ်သည့် Salingyi Special Task Force က သတင်းထုတ်ပြန်သည်။

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။