close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ လူတစ်ဦးကို ဒရုန်းနဲ့ သတ်ဖြတ်ခဲ့ပုံ ဗီဒီယိုကို ကြော်ငြာအတွက် အစ္စရေး လက်နက်ကုမ္ပဏီ အသုံးပြု

ဂါဇာ ကမ်းမြှောင်ဒေသမှာ လူတစ်ယောက်ကို ဖောက်ခွဲရေး ဒရုန်းနဲ့ လိုက်သတ်တဲ့ ဖြစ်ရပ်ကို အစ္စရေး လက်နက် ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုထားပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ လူတစ်ယောက်ကို ဖောက်ခွဲရေး ဒရုန်းနဲ့ လိုက်သတ်တဲ့ ဖြစ်ရပ်ကို အစ္စရေး လက်နက် ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုထားပါတယ်။

အစ္စရေး အစိုးရပိုင် Rafale ကုမ္ပဏီဟာ ဖောက်ခွဲရေး ဒရုန်းစနစ်ဖြစ်တဲ့ Spike Fireflyကို ကြော်ငြာရာမှာ ဂါဇာက လက်တွေ့ တိုက်ခိုက်မှု ဗီဒီယို မှတ်တမ်းကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ Rafaleရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ် လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ဂါဇာရဲ့ တစ်နေရာမှာ လမ်းလျှောက်လာတဲ့ လူတစ်ယောက်နောက်ကို ဒရုန်းက ခြေရာခံ လိုက်သွားပြီး ဖောက်ခွဲပစ်လိုက်ပုံကို တွေ့ခဲ့ရပါတယ်။

ဒရုန်းဟာ အမြင့်တစ်နေရာမှာ တိတ်တဆိတ် ဝဲပျံနေခဲ့တဲ့နောက် ပစ်မှတ်နောက်ကို ထပ်ကြပ်မကွာ လိုက်သွားခဲ့ပါတယ်။ ပစ်မှတ်ဟာ အန္တရာယ်ကို ရိပ်မိချိန်မှာ အဆောက်အအုံ တစ်ခုထဲ ပြေးဝင်သွားပေမယ့် ဒရုန်းကလည်း လိုက်ပါသွားပြီး ပေါက်ကွဲသွားတာကို ဗီဒီယိုထဲမှာ ပြသထားပါတယ်။

ဖောက်ခွဲရေး ဒရုန်းစနစ်အတွက် ကြော်ငြာအဖြစ် အသုံးပြုထားတဲ့ ဗီဒီယိုမှာတော့ စစ်ပွဲရုပ်ရှင်ဆန်ဆန် နောက်ခံတီးလုံး ထည့်ထားပြီး မြို့ပြစစ်ဆင်ရေးထဲက Spike Fireflyလို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဲဒီဒရုန်းဟာ ပစ်မှတ်ကို ခွဲခြား သတ်မှတ်ပြီးတဲ့နောက် ခြေရာခံ လိုက်ပါပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

Rafaleက ပြသထားတဲ့ ဗီဒီယိုထဲမှာ ပါဝင်တဲ့ နေရာဟာ ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ ဖြစ်တယ်လို့ အလွတ်တမ်း စစ်ရေးသုတေသနဌာန Anno Nemoက ပြောပါတယ်။ ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေကို အသုံးပြုပြီး အဲဒီ ပတ်ဝန်းကျင် နေရာရဲ့ အပြောင်းအလဲတွေကိုပါ ဆန်းစစ်ကြည့်တဲ့အခါ ၂၀၂၄ နိုဝင်ဘာလ ဝန်းကျင်က ရိုက်ကူးထားခဲ့ဟန် ရှိတယ်လို့လည်း ဆိုပါတယ်။

Rafaleရဲ့ Facebook စာမျက်နှာမှာတော့ Spike Fireflyဟာ GPS လမ်းကြောင်းရှာ ပိတ်ဆို့မှု jamming ကိရိယာတွေနဲ့ နှောင့်ယှက်တာမျိုး အပါအဝင် အခက်ခဲဆုံး၊ စိန်ခေါ်မှု အကြီးဆုံး အခြေအနေတွေမှာတောင် ပစ်မှတ်ကို အထိရောက်ဆုံး၊ ဘေးထွက် ပျက်စီးမှု အနည်းဆုံး အခြေအနေနဲ့ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ ဒရုန်းအသုံးပြုပြီး ရှင်းလင်းခံလိုက်ရတဲ့ ပစ်မှတ်ဟာ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မသိရပါဘူး။ ပြီးတော့ အဲဒီကိစ္စကို အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုခဲ့တဲ့အပေါ် ဝေဖန်တာတွေ ရှိနေတာကိုလည်း Rafaleက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ပစ်မှတ်ဆီ ပျံသန်းပြီး ဖောက်ခွဲပစ်တဲ့ ကာမီကာဇီ ဒရုန်းအမျိုးအစား Spike Fireflyဟာ ၃၅၀ ဂရမ်လောက် အလေးချိန်ရှိတဲ့ ဖောက်ခွဲရေး ထိပ်ဖူး တပ်ဆင်ထားပြီး စုစုပေါင်း ၃ ကီလိုဂရမ်လောက်သာ လေးလံပါတယ်။ အဲဒီဒရုန်းကို အစ္စရေး ခြေလျင်တပ်တွေက မြို့ပြစစ်ဆင်ရေးတွေမှာ အသုံးပြုနေပါတယ်။ ၂၀၁၈ မှာ Rafaleက စတင်ထုတ်လုပ်လာတဲ့ ဒရုန်းတွေဟာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၆၀ နှုန်းနဲ့ ပျံသန်းနိုင်ပြီး မြေပြင်ပေါ်ကို အရှိန်နဲ့ ထိုးဆင်း တိုက်ခိုက်ချိန်မှာတော့ အမြန်နှုန်းကို တစ်နာရီ ၇၀ ကီလိုမီတာနှုန်းထိ မြှင့်တင်နိုင်ကြောင်း သိရပါတယ်။

ကိုးကား: Middle East Eye

ဆက်စပ်သတင်းများ

သတင်း

ဒရုန်း​တွေနဲ့ ၂ ကြိမ် တိုက်ခိုက်မှုမှာULFA ​​ခေါင်း​ဆောင်ပိုင်း ၃ ဦး​သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

နိုင်ငံတကာ

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို လက်ရွယ်ရင် အဲဒီရွယ်တဲ့ လက်ကို ဖြတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဆို

နိုင်ငံတကာ

အစ္စရေးနဲ့ ရင်ဆိုင်စစ်တိုက်ခဲ့တဲ့ ကာလနောက်ပိုင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။