close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

SCO ကာကွယ်ရေး ဝန်ကြီးတွေ ညီလာခံမှာ ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့ဘဲ အဆုံးသတ်

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ ကာကွယ်ရေး ဝန်ကြီးများ ညီလာခံဟာ ဘုံသဘောတူညီချက် တစ်ခု ရရှိအောင် မညှိနှိုင်းနိုင်ဘဲ ပြီးဆုံးခဲ့ပါတယ်။

Reuters

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့ ကာကွယ်ရေး ဝန်ကြီးများ ညီလာခံဟာ ဘုံသဘောတူညီချက် တစ်ခု ရရှိအောင် မညှိနှိုင်းနိုင်ဘဲ ပြီးဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံ ချင်ဒူမြို့မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ညီလာခံမှာ အကြမ်းဖက်မှုဆိုတဲ့ ဝေါဟာရကို ဘယ်လို ရည်ညွှန်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် နိုင်ငံတွေကြား အဓိပ္ပါယ် သတ်မှတ်ပုံ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Reuters

SCO ဆိုတာဟာ ယူရေးရှား ဆက်စပ်ရပ်ဝန်း ၁၀ နိုင်ငံ စုပေါင်းထားတဲ့ လုံခြုံရေးနဲ့ မူဝါဒရေးရာ အဖွဲ့ဖြစ်ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန်တို့လို နိုင်ငံတွေ ပါဝင်ပါတယ်။ ဆောင်းဦးပေါက်မှာ SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှာဖြစ်ပြီး အဲဒီ မတိုင်ခင်မှာတော့ ကာကွယ်ရေး ဝန်ကြီးတွေက ကနဦးအဆင့် အစည်းအဝေး လုပ်ခဲ့တာပါ။

တချို့သော အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ညှိနှိုင်းလို့ မရတဲ့ သဘောထားတွေ ရှိခဲ့တာကြောင့် အိန္ဒိယဖက်က လိုလားတင်ပြမှုတွေကိုလည်း အပြီးမသတ်နိုင်ခဲ့ဘူးလို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သဘောထားကို အဆိုပြုချက်ထဲမှာ ထည့်သွင်း ဖော်ပြခဲ့ပြီး နိုင်ငံတစ်ခုအတွက်တော့ လက်မခံနိုင်စရာ ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့်လည်း အဲဒီအဆိုကို မကြေညာနိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယကို ဘယ်နိုင်ငံက ဆန့်ကျင်သလဲ ဆိုတာကိုတော့ သူက နာမည်မတပ်ခဲ့ပါဘူး။

အိန္ဒိယ မီဒီယာတွေကတော့ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ဧပြီလ ၂၂ ရက်နေ့တုန်းက ပစ်ခတ်မှုကြောင့် ဟိန္ဒူ ကမ္ဘာလှည့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို အကြမ်းဖက်မှု အဖြစ် တင်ပြခဲ့ပေမယ့် SCOရဲ့ နောက်ဆုံး ညှိနှိုင်းအဆိုပြုချက်မှာ ဖယ်ရှားခံခဲ့ရတဲ့အတွက် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးက လက်မှတ်မထိုးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်ရဲ့ လက်ချက်လို့ အိန္ဒိယက တပ်အပ် စွပ်စွဲထားပြီး ပါကစ္စတန်ကတော့ ငြင်းဆိုထားပါတယ်။

ဒီကိစ္စ နောက်ဆက်တွဲအဖြစ် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားမှာ စစ်ရေးပဋိပက္ခ တစ်ခုပါ ဖြစ်ပွားခဲ့ပြီး အိန္ဒိယက ပါကစ္စတန် နယ်စပ်နဲ့ ကက်ရှ်မီးယားမှာရှိတဲ့ အကြမ်းဖက် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။ ပါကစ္စတန်ကတော့ အိန္ဒိယ တိုက်ခိုက်ခဲ့တာဟာ အရပ်သား ပစ်မှတ်တွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက SCO ကာကွယ်ရေး ဝန်ကြီးတွေကြားမှာ ပူးတွဲ ကြေညာချက်တစ်ခု ထွက်ပေါ်လာနိုင်ဖို့ အကောင်းမြင် မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အထမမြောက်ခဲ့ပါဘူး။

ဒါဟာ မေလတုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ထိပ်တန်း အစိုးရ ဝန်ကြီးတွေ အစည်းအဝေး တစ်ခုတည်းမှာ ပထမဆုံးအကြိမ် အတူတက်ရောက်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ