ဇွန်-၂၆၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၆)မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း (၄၉) နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်လှုပ်ရှားမှုတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြို့နယ်မှာနောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်းအထိမ်းအမှတ်အဖြစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရင်း စစ်အာဏာရှင်ရဲ့ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသော ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးအချိန် ကြိုးစင်ပေါ်ကရဲရဲတောက်ပြောကြားခဲ့တဲ့ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူးကွ” အဆိုအမိန့်ကို ကိုင်စွဲပြီး သပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပါတယ်။

Public Service Announcement
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကလေးဒေသခံ ချင်းပြည်သူတွေနဲ့ ပူးပေါင်းပြီး “မုဆိုးခြေထောက် ဆူးမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်” စာသားနဲ့ (၄၉)နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အောက်မေ့ သတိရဂုဏ်ပြုခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။
ယင်းအစီအစဉ်မှာ ဆလိုင်းတင်မောင်ဦးရဲ့ သမိုင်းရာဇဝင်မှတ်တမ်းတွေ ဖတ်ကြားခြင်းနဲ့အတူ နှင်းဆီပန်းချဂုဏ်ပြုခြင်း၊ ဖယောင်ထွန်း ဂုဏ်ပြုအောက်မေ့သတိရခြင်းအစီအစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေ ဦးဆောင်ပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်းအထိမ်းအမှတ်အဖြစ် “မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူး” စာသားနဲ့ ဆလိုင်းတင်မောင်ဦးရဲ့ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
(ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်)
