close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီလွန်မတ်စ်ခ်က စိတ်လွတ်နေတာလို့ ထရမ့်ပြော

အီလွန်မတ်စ်ခ်ဟာ စိတ်လွတ်နေသူ တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

The White House

အီလွန်မတ်စ်ခ်ဟာ စိတ်လွတ်နေသူ တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့တုန်းက ABC သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ထရမ့်က သူ့ရဲ့ တစ်ချိန်က နိုင်ငံရေး မဟာမိတ်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်မျိုး ပေးခဲ့တာပါ။ လောလောလတ်လတ်အဖြစ် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလီယံနာ သူဌေးကြီး မတ်စ်ခ်နဲ့ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ရာထူးလို့ သတ်မှတ်ခံရတဲ့ အမေရိကန် သမ္မတ နေရာကို ရယူထားသူ ထရမ့်တို့ကြားက တင်းမာမှုဟာ လူသိရှင်ကြား ဖြစ်လာပါတယ်။

ဇွန်လ ၅ ရက်နေ့တုန်းက ထရမ့်နဲ့ မတ်စ်ခ်တို့ဟာ လူမှုကွန်ရက်ပေါ်မှာ လူသိရှင်ကြားတွေ အပြန်အလှန် ထိုးနှက်ခဲ့ကြပြီး အဲဒီနောက် ABCနဲ့ အင်တာဗျူးမှာ ထရမ့်က မတ်စ်ခ်ကို စိတ်မမှန်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မတ်စ်ခ်နဲ့ ရန်ဖြစ်နေရမှာကို စိတ်ပူနေမှာ မဟုတ်သလို အဲဒီကိစ္စထက် အရေးကြီးတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ လုပ်စရာတွေ သူ့မှာရှိနေတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ABCက သူတို့နဲ့ ဖုန်းအင်တာဗျူးပြီးရင် မတ်စ်ခ်နဲ့ ဖုန်းပြောဖို့ ချိန်းဆိုထားတယ် ဆိုတာ ဟုတ်သလားလို့ မေးတဲ့အခါ ထရမ့်က ‘ဟို စိတ်လွတ်နေတဲ့ တစ်ယောက်ကို ပြောတာလား’လို့ ပြန်မေးခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ မတ်စ်ခ်နဲ့ ဖုန်းပြောမယ်ဆိုတာ မဟုတ်ဘူးလို့လည်း တစ်ဆက်တည်း ငြင်းဆိုသွားခဲ့ပါတယ်။ မတ်စ်ခ်ကတော့ သူနဲ့ ဖုန်းပြောချင်နေပေမယ့် သူ့ဖက်က မတ်စ်ခ်နဲ့ စကားပြောဖို့ လောလောဆယ် အဆင်သင့် မဖြစ်သေးဘူးလို့ ထရမ့်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်စ်ခ်ဟာ ရွေးကောက်ပွဲကြို ကာလမှာ ထရမ့်ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေအတွက် ဒေါ်လာ သန်း ၃၀၀ လောက် ထောက်ပံ့ လှူဒါန်းခဲ့ပြီး ပမာဏ အများဆုံး ပုဂ္ဂလိက အလှူရှင် ဖြစ်ခဲ့ပါတယ်။ သူဟာ ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာလည်း ပါဝင်ခဲ့ပြီး အစိုးရ အသုံးစရိတ်တွေကို လျှော့ချဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို ၁၂၉ ရက်ကြာ ဦးဆောင်ပေးပြီး မေလကုန်ကမှ နုတ်ထွက်ခဲ့တာပါ။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ထရမ့်ရဲ့ အခွန်နဲ့ အသုံးစရိတ် မူကြမ်းကို မတ်စ်ခ်က လူသိရှင်ကြား ဝေဖန်ရာက စပြီး ပက်ကြားအက်တွေ ထင်လာခဲ့ပါတယ်။ မတ်စ်ခ်က အဲဒီ မူကြမ်းဟာ DOGEက အားထုတ်ထားသမျှကို သဲထဲရေသွန် ဖြစ်စေပြီး အစိုးရ လိုငွေပြမှုကို လျှော့ချရမယ့်အစား ပိုတိုးသွားစေမယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့မှာတော့ သူတို့နှစ်ယောက်ကြားက အွန်လိုင်း စကားစစ်ထိုးမှုတွေဟာ ပိုပြီး ဆူပွက်လာခဲ့သလို မတ်စ်ခ်က သူသာမထောက်ခံရင် ထရမ့်က သမ္မတတောင် ဖြစ်မလာဘူးလို့ ဆိုပါတယ်။ ထရမ့်ကလည်း မတ်စ်ခ်က အစိုးရ အသုံးစရိတ်တွေ အရမ်းလျှော့စေချင်ရင် အလွယ်ဆုံးနည်းက မတ်စ်ခ်ပိုင်တဲ့ ကုမ္ပဏီတွေနဲ့ အစိုးရကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းလိုက်တာပဲ ဖြစ်တယ်လို့ ခြိမ်းခြောက်သွားခဲ့ပါတယ်။ နောက်ပြီး သူနဲ့ မတ်စ်ခ်ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ အရင်လို မဟုတ်တော့ဘူးလို့ ခံစားမိကြောင်းလည်း ထရမ့်က သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူဟာ တရုတ်နိုင်ငံဆီ အလည်အပတ် ခရီးစဉ် သွားရောက်ဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ ပိုပြီး ဆူပွက်ပြင်းထန်တဲ့ အခြေအနေမျိုးထိ ရောက်ရှိလာပါတယ်။

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ် တက်ရောက်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဗီဇာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

Facebook