နယ်စပ်က ပစ်ခတ်မှု တစ်ခုကို အကြောင်းပြုပြီး နှစ်ဖက် စစ်ပြင်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားမှာ မလေးရှား ဝန်ကြီးချုပ်က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ ဇွန်လ ၆ ရက်နေ့တုန်းက ထိုင်းဝန်ကြီးချုပ် ဖေထောင်ထုန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့ဆီ ဖုန်းခေါ်ပြီး ပြဿနာကို အေးအေးချမ်းချမ်း ညှိနှိုင်း အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။
မေလကုန်တုန်းက နှစ်နိုင်ငံ နယ်စပ်တစ်နေရာမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့တာကို အကြောင်းပြုပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ တင်းမာနေတာ ဖြစ်ပါတယ်။

အန်ဝါက သူဟာ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေနဲ့ ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးက ပြဿနာကို သံတမန် လမ်းကြောင်းကနေ ချဉ်းကပ်ပြီး ညှိနှိုင်းအဖြေရှာဖို့ လိုလားမှု ပြသခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement
တစ်ဖက်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်နေသလို နယ်စပ်မှာလည်း သိသိသာသာ စစ်ရေးပြင်ဆင်မှုတွေ ရှိလာနေပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ထိပါးခံလာရရင် စစ်တိုက်ဖို့ အသင့်ရှိတယ်လို့ ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်နေ့မှာ ကြေညာခဲ့သလို တိုက်ခိုက်ရေး တပ်မတချို့ကိုလည်း လိုအပ်လာရင် ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ချက်ချင်း ဖြန့်ကျက်ဖို့ ပြင်ဆင်ထားပါတယ်။
ဇွန်လ ၅ ရက်မှာ ထိုင်းစစ်တပ်ရဲ့ အထူးစစ်ဆင်ရေး ဦးစီးအရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး နာရွန်ရစ် ကမ်ပီရာဟာ အထူးစစ်ဆင်ရေး တပ်မ ၁ ရဲ့ လေ့ကျင့်ပြင်ဆင်နေမှုတွေကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီ တပ်မဟာ ကမ္ဘောဒီးယားနဲ့ ထိစပ်ရာ အရှေ့ပိုင်း နယ်စပ်မှာ သွားရောက်ဖြန့်ကျက်ဖို့ စီစဉ်နေပါတယ်။ နာရွန်ရစ်က တပ်ဖွဲ့ဝင်တွေ အနေနဲ့ ကြုံလာနိုင်ခြေ ရှိသမျှ ခြိမ်းခြောက်မှု ပုံစံတိုင်းအတွက် အသင့်ဖြစ်နေအောင် ပြင်ဆင် လေ့ကျင့်ထားဖို့ တိုက်တွန်းသွားပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘောဒီးယားဟာ ထိုင်းနဲ့နယ်စပ်မှာ တပ်အင်အား ၁၂၀၀၀ လောက်ကို ဖြန့်ကျက်ထားပြီး လက်နက်ကြီးတွေကိုပါ ရွှေ့ပြောင်းသယ်ဆောင် နေရာချနေတယ်လို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။ ထိုင်းကတော့ နယ်စပ် ပဋိပက္ခ ဖြစ်ခဲ့ချိန် ကတည်းက နယ်စပ်မှာ လုံခြုံရေး ပိုမို တင်းကျပ်ထားပြီး လာမယ့်ရက်တွေမှာ ပိုမို အင်အားဖြည့်တင်းလာနိုင်ခြေ ရှိနေပါတယ်။
ကမ္ဘောဒီးယားဟာ ဒုံးပစ်လောင်ချာတွေ၊ လေကြောင်း ကာကွယ်ရေး လက်နက်တွေ၊ T-55 တင့်ကားတွေ၊ အရွယ်အမျိုးမျိုးနဲ့ လက်နက်ကြီး အမြောက်တွေ၊ ရေဒါစနစ်တွေကို နယ်စပ်မှာ ဖြန့်ကျက်နေတယ်လို့ Khasodက ဆိုပါတယ်။ ကမ္ဘောဒီးယား စစ်တပ်ကတော့ အဲဒီ သတင်းနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။
နယ်စပ်မှာ နှစ်ဖက်စလုံးက စစ်အင်အား စုရုံးနေပြီး ဖြစ်လာနိုင်ခြေ အားလုံးအတွက် ပြင်ဆင်နေတဲ့ အချိန်မှာတော့ နှစ်နိုင်ငံက ဒေသခံ လူ့အဖွဲ့အစည်းတွေက ကျီးလန့်စာစား ဖြစ်လာပါတယ်။ ထိုင်းရဲ့ ဆာကော်ဧရိယာမှာ နေထိုင်သူ တစ်ဦးက ဒေသခံ အများအပြားဟာ ဗုံးခိုကျင်းတွေ၊ စစ်ဖြစ်လာရင် ခိုလှုံရမယ့် နေရာတွေကို အရေးပေါ် တည်ဆောက်နေကြတယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပေမယ့် ရှေးဘုရားကျောင်းတွေ တည်ရှိတဲ့ ဇုန်တွေ အပါအဝင် နယ်စပ်ဧရိယာရဲ့ အပိုင်းလေးခုမှာ အဓိက အငြင်းအခုံ ဖြစ်နေကြတာလို့ သိရပါတယ်။
ကိုးကား: Khaosod, Bangkok Post
