close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒီမိုကရက်တစ်တွေကို အီလွန်မတ်စ်ခ် ဘက်ပြောင်းထောက်ခံရင် ဆိုးရွားတာတွေ ကြုံလိမ့်မယ်လို့ ထရမ့်ခြိမ်းခြောက်

အီလွန်မတ်စ်ခ်သာ ဒီမိုကရက်တစ် ပါတီကို ဘက်ပြောင်းပြီး ထောက်ခံမယ်ဆိုရင် အင်မတန် ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

Reuters

အီလွန်မတ်စ်ခ်သာ ဒီမိုကရက်တစ် ပါတီကို ဘက်ပြောင်းပြီး ထောက်ခံမယ်ဆိုရင် အင်မတန် ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူ မတ်စ်ခ်ဟာ တစ်ချိန်က ထရမ့်ရဲ့ အဓိက နိုင်ငံရေး မဟာမိတ် ဖြစ်ခဲ့သလို ရွေးကောက်ပွဲမှာ ထရမ့်အတွက် မဲဆွယ်ရေး ရန်ပုံငွေ ပမာဏ အများဆုံးအဖြစ် ဒေါ်လာ သန်း ၃၀၀ နီးပါး လှူဒါန်းခဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ လူသိရှင်ကြား ပျက်စီးသွားပြီး အပြန်အလှန် ခါးခါးသီးသီး ဝေဖန် ထိုးနှက်မှုတွေ စတင်လာခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာတော့ ထရမ့်က တကယ်လို့ မတ်စ်ခ်သာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီအမတ်တွေကို ရွေးကောက်ပွဲမှာ ဘက်ပြောင်းပြီး အကူအညီ ပေးခဲ့မယ်ဆိုရင် ပြင်းထန်လှတဲ့ အကျိုးဆက်တွေကို ကြုံရစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မတ်စ်ခ်ဟာ ထရမ့်က လွှတ်တော်ကို အဆိုပြု တင်ပြထားတဲ့ အခွန်မူကြမ်းကို ဆန့်ကျင်ရာက ထရမ့်နဲ့ စိတ်ဝမ်းကွဲခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဒီမိုကရက်တစ် ပါတီကလည်း အဲဒီ အခွန်မူကြမ်းကို ကန့်ကွက်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အဲဒီ တူညီတဲ့ အမြင်ကို အခြေခံပြီး မတ်စ်ခ်က ဒီမိုကရက်တစ် ပါတီဘက်ကို ကူးပြောင်းသွားမှာကို ထရမ့်က စိုးရိမ်နေပါတယ်။ တကယ်သာ အဲဒီလို လုပ်ခဲ့မယ်ဆိုရင် မတ်စ်ခ်ဟာ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို သေချာပေါက် ခံစားရလိမ့်မယ်လို့ ထရမ့်က NBC သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လို အကျိုးဆက်တွေလဲ ဆိုတာကိုတော့ ထရမ့်က တိတိကျကျ မပြောခဲ့ပါဘူး။

သူနဲ့ မတ်စ်ခ်တို့ကြား လူသိရှင်ကြား ပြဿနာ တက်ခဲ့တဲ့နောက် အဲဒီဆက်ဆံရေးကို ပြန်ပြင်ဆင်ဖို့လည်း ဆန္ဒမရှိဘူးလို့ ထရမ့်က ဆိုပါတယ်။ သူနဲ့ မတ်စ်ခ်ကြားက ဆက်ဆံရေး အဆုံးသတ်သွားပြီလားလို့ NBCက မေးတဲ့အခါ ထရမ့်က သူကတော့ အဲဒီလိုပဲ ထင်ကြောင်း၊ ဟုတ်တယ်လို့ ဖြေရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ထရမ့်က သူဟာ မတ်စ်ခ်နဲ့ စကားပြောဖို့လည်း အစီအစဉ် မရှိကြောင်း၊ အဲဒီလောက်ထိ သူမအားကြောင်း မှတ်ချက်ပေးခဲ့သလို မတ်စ်ခ်ဟာ အမေရိကန် သမ္မတရုံးကို မထေမဲ့မြင် ပြုခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

မတ်စ်ခ်ရဲ့ အရိုအသေတန်မှုဟာ သိပ်ဆိုးရွားတဲ့ ကိစ္စလို့ သူယူဆကြောင်း၊ သမ္မတရဲ့ရုံးကို မလေးမစား လုပ်လို့မရကြောင်း ထရမ့်က ဆက်ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာ မတ်စ်ခ်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ ထရမ့်ကို ဝေဖန်ထိုးနှက်တဲ့ ပို့စ်တွေ ဆက်တိုက်ရေးတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြန်ဖျက်သွားခဲ့ပါတယ်။ အဲဒီ ပို့စ်တွေထဲမှာ သူက မထောက်ခံရင် ထရမ့်ဟာ ရွေးကောက်ပွဲကို နိုင်စရာ အကြောင်းမရှိဘူးဆိုတာ ပါခဲ့သလို ထရမ့်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သက်ငယ် မုဒိမ်းသမား ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ဆက်နွှယ်မှုရှိကြောင်းပါ စွပ်စွဲထားခဲ့ပါတယ်။

အဲဒီနောက် ထရမ့်ကလည်း မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေနဲ့ အစိုးရကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းမယ်လို့ လူသိရှင်ကြား ခြိမ်းခြောက်ခဲ့သလို အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာလည်း ထရမ့်က မတ်စ်ခ်ကို သူအရမ်း စိတ်ကုန်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်း အခြေချသူတွေဖက်က ထောက်ခံ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် အမျိုးသား အစောင့်တပ်ဖွဲ့ကို ဖြန့်ကျက်စေခဲ့ပါတယ်။

နိုင်ငံတကာ

အီလွန်မတ်စ်ခ်ဟာ စိတ်လွတ်နေသူ တစ်ဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

သူဟာ တရုတ်နိုင်ငံဆီ အလည်အပတ် ခရီးစဉ် သွားရောက်ဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ ပိုပြီး ဆူပွက်ပြင်းထန်တဲ့ အခြေအနေမျိုးထိ ရောက်ရှိလာပါတယ်။