ဘိုထွေးရေးသားသည်။
မတ်လက ငလျင်ကြီးလှုပ်ခတ်အပြီး တစ်လကျော်ပိတ်ထားခဲ့ရသည့် စတိုးဆိုင်အား ပြန်ဖွင့်ရန်ပြင်ဆင်သည့်အခါ မငယ်လေးတစ်ယောက် အကြပ်ရိုက်နေသည်။
ထိုသည်ကား ဆိုင်တွင် အလုပ်လုပ်ရန် ၀န်ထမ်းရှာမရသေးခြင်းဖြစ်သည်။ ပုံစံမျိုးစုံဖြင့် ၀န်ထမ်းရှာဖွေ နေသည်မှာ မျှော်လင့်ထားသည့်အချိန်ထက် ကြာလာပြီ။ နီးစပ်ရာမိတ်ဆွေအပေါင်းအသင်းများလည်း အကူအညီ တောင်းထားသော်လည်း အကြောင်းမထူးသေးပေ။
“ဆိုင်ပြန်ဖွင့်ဖို့ ကြေငြာပြီးသားဖြစ်နေပြီဆိုတော့ မဖွင့်လို့လည်းမရတော့ဘူး၊အဲဒါကြောင့် ဖြစ်နိုင်ရင် တလ၊ နှစ်လလောက်တော့၀န်ထမ်းမရခင် စပ်ကြားလေး ကူညီပေးပါနော်။ ဒီကြားထဲ ၀န်ထမ်းရသွားရင် အဆင်ပြေပါပြီ” ဟု မန္တလေးမြို့က ကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မငယ်လေးက တယ်လီဖုန်းဖြင့် ပြောနေသည်။

Public Service Announcement
ဆိုင်ပြန်မဖွင့်ခင် တစ်ရက်အလိုနေ့တွင် ခန့်ထားသောဆိုင်အရောင်း၀န်ထမ်းနှစ်ဦးက ရုတ်တရက် အလုပ်ထွက်တော့မည့်အကြောင်း ဖုန်းဆက်ပြောလာသည့်အပေါ် မငယ်လေးကပြန်လည်ဖြေကြားနေခြင်း ဖြစ်သည်။
“အခုက ကျွမ်းကျင်လုပ်သားတင်မကဘူး အထွေထွေ၀န်ထမ်းပါရှားလာတာ။၀န်ထမ်းတစ်ယောက်ရဖို့လချီရှာရသလိုဒါတောင်ကိုယ်လိုချင်တဲ့အတွေ့အကြုံရှိတဲ့၀န်ထမ်းမျိုးမရဘူး။ ခုကျ စျေးရောင်းတတ်ရင် ရပြီဆိုပြီး ခေါ်နေရတဲ့သဘောဖြစ်နေပြီ”ဟု သူက ညည်းညူသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးကစဥ့်ကလျားဖြစ်ခြင်း၊ စစ်မှုထမ်း ဥပဒေပြဌာန်းလိုက်ခြင်းကြောင့် ပြည်တွင်းရှိ ကဏ္ဏအသီးသီးတွင် အလုပ်လုပ်နေကြသော လူငယ်များသည် ရေကြည်ရာ၊ မြက်နုရာ ရှာရသည်က စား၀တ်နေရေးပြဿနာကဲ့သို့ နေ့စဥ် ဖြေရှင်းရန်လိုလာသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘာဘဏ်၏၂၀၂၄ ခုနှစ်နှစ်လယ်ပိုင်းကထုတ်ပြန်ခဲ့သောမြန်မာနိုင်ငံမှ ရွေ့ပြောင်းအခြေချခြင်းဆိုင်ရာ အစီရင်ခံစာအရ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများအပါအ၀င်ပိုကောင်းသော အနာဂတ်ရရှိနိုင်ရန်အတွက်ပညာတတ်များအပါအ၀င်ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်ကြသော လူငယ်အများစုအတွက် နိုင်ငံရပ်ခြားသို့ ပြောင်းရွေ့အခြေချရန် အကြောင်းဖန်လာ သည်ဟု ဆိုသည်။
အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်များအရ ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ လက်ရှိ ၀င်ငွေနှင့်ညီမျှသောလစာအတွက် ပြည်တွင်းမှာရရှိနိုင်မည်ဆိုသော်လည်းနိုင်ငံရပ်ခြားတွင်သာ အလားတူ အလုပ်မျိုးကို လုပ်ကိုင်လိုကြသည်။
●ပြည်တွင်းမှာ ကျွမ်းကျင်လုပ်သားရှားပါးမှုပြသနာကို ဘယ်လိုဖြေရှင်းနေကြလဲ။
လက်ရှိတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုပြသနာကို လုပ်ငန်းရှင်များက နေရပ်ထွက်ခွာ စစ်ဘေးရှောင်သူများ၊ အမျိုးသား၀န်ထမ်းများနေရာတွင် အမျိုးသမီးများ၊ အထွေထွေကျပန်းလုပ်သားများဖြင့် အဆင်ပြေသလို အစားထိုးဖြေရှင်းနေရသည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
မန္တလေးမှအထက်မြန်မာပြည်သို့ ဆောက်လုပ်ရေးဆက်စပ်ပစ္စည်းများ ရောင်းချသော မအေးဖြိုးက “ယုံကြည်စိတ်ချရတဲ့၀န်ထမ်းကောင်းမရှိရင် လုပ်ငန်းချဲ့ဖို့ ခြေလှမ်းကအရင်လို ထင်သလောက်မသွက်တော့ဘဲလုံးချာလည်နေရတယ်။ ပိုပြီးအချိန်ကုန်၊ ငွေကုန်ရပေမဲ့ အလုပ်ကကျ ထင်သလောက် မဖြစ်တော့ဘူး”ဟု ပြောသည်။
ကျွမ်းကျင်လုပ်သားအများစုသည် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်ကြရာ ၄င်းတို့၏ နေရာတွင်လစ်လပ်သွားသောကွက်လပ်အား လုပ်ငန်းရှင်များက အဆင်ပြေသလို ဖြည့်တင်းနေရဆဲဖြစ်ပြီး ရေရှည်တွင်နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးအတွက်ကုစားရခက်မည့်ဝေဒနာဖြစ်လာနိုင်မည်ဟုတွက်ဆထားသည်။
လူငယ်၀န်ထမ်းရှာသောအခါ အသက်အရွယ်ကြီးသူများကလာရောက်လျှောက်ထားသလို၊ အတွေ့အကြုံရှိကျွမ်းကျင်လုပ်သားရှာသောအခါအလုပ်လုပ်နိုင်ပြီးရော အနေအထားမျိုးသာရှိသည့် ၀ါနုလုပ်သားများ လာရောက်လျှောက်ထားခြင်းကို မကြာခဏကြုံတွေ့ရသည်ဟု ဆိုသည်။
“လစာကအလုပ်သင်နဲ့ကျွမ်းကျင်၀န်ထမ်းကွာတယ်လေ။ ကိုယ့်လုပ်ငန်းအတွက် သင့်တော်တဲ့၀န်ထမ်းရဖို့ လစာကအစ ငွေသုံးလိုက်ရရင် တန်သေးတယ်။အခုကတော့၀န်ထမ်းရရင် ပြီးရောဆိုပြီးခန့်လိုက်ရပေမဲ့ လစာကျ ဘာမှမတတ်လို့ နှိမ်ပေးလို့လည်း မဖြစ်ပြန်ဘူး”ဟုမငယ်လေးက၀န်ထမ်းရှားပါးမှု၏ နောက်ဆက်တွဲ ကြုံရသည့်အခြေအနေတစ်ခုကို ရှင်းပြသည်။
ယခုအခါ ၀န်ထမ်းရှာဖွေရန် သာမာန်ရိုးကျပုံစံအတိုင်းမလုံလောက်တော့ဘဲဖေ့ဘုတ်၊ Tiktok ၊ Viber စသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းစုံကနေ ရှာရသလို ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက တဆင့် အလုပ်အပ်ပြီး ရှာဖွေနေရတာလည်း ရှိသည်ဟုဆိုသည်။
ထိုမျှမက မိမိကုမ္ပဏီ၀န်ထမ်းများမှတဆင့် နီးစပ်ရာများ၊ မိမိဆွေမျိုးသားချင်းများအား စုံစမ်းခြင်းစသဖြင့် ၀န်ထမ်းရရှိရေးအတွက် ပတ်သက်သမျှ အ၀န်းအ၀ိုင်းနှင့် ဆက်စပ်မှုများအထိပါတိုးချဲ့လာကြရသည်။
“၀န်ထမ်းရဖို့ နည်းမျိုးစုံနဲ့ရှာတာတောင်စိတ်၀င်စားလို့ပါဆိုပြီး လာမေးတဲ့သူ အရေအတွက်က အရင်ကထက် ထက်၀က်မကနည်းသွားတယ်။ ၀န်ထမ်းအလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကို အမြဲတင်ထားရတဲ့ သဘောပါပဲ.” ဟုလူစွမ်းအားအရင်းအမြစ် (HR) ္အလုပ်ဖြင့် ၁၀ နှစ်ကျော်အသက်မွေး၀မ်းကြောင်းပြု ခဲ့သောကိုပြည့်က ပြောသည်။
ကိုပြည့်သည် လွန်ခဲ့သောဆယ်စုနှစ်အတွင်းမှာပုဂ္ဂလိကကုမ္ပဏီကြီးအချို့၏ လူ့စွမ်းအားအရင်းအမြစ်ဌာန အတွက်အလုပ်လုပ်ခဲ့ဖူးသလိုလက်ရှိတွင်လည်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကို တာ၀န်ယူ လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။
အလုပ်လုပ်သည့်၀န်ထမ်းအများစုမှာယခင်လိုလုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှု၊ အတတ်ပညာနှင့် အတွေ့အကြုံရရှိရန် အချိန်ကို ရင်းနှီးမြှပ်နှံသည့်အခြေအနေမှ စား၀တ်နေရေးအတွက် လစာရရှိမှုအတွက်သာ အဓိက ဦးစားပေးလုပ်ကိုင်လာကြသည်ဟု ကိုပြည့်က သူ့အမြင်ကို ပြောသည်။
လုပ်ငန်းရှင်အများစုမှာလည်း ၀န်ထမ်းမမြဲသည့်အတွက် အရည်အသွေးပိုင်းဆိုင်ရာသင်တန်းများအား မကြာခဏ လေ့ကျင့်ပေးရသဖြင့် အချိန်ကုန်၊ လူပန်းသလိုကုန်ထုတ်လုပ်မှုအားကျဆင်းခြင်း၊ ထိုက်သင့်သော အကျိုးအမြတ် မရနိုင်ခြင်း၊ လုပ်ငန်းမကျွမ်းကျင်သေးသော၀န်ထမ်းများကြောင့် ၀ယ်ယူသူဘက်ကတိုင်တန်းမှုများဖြေရှင်းပေးရခြင်းတို့ကို ကြုံတွေ့လာရသည်။
အလုပ်လုပ်နိုင်လျှင်ဖြစ်ပြီဆိုသည့်အနေအထားဖြစ်လာသည့်အတွက် ၀န်ထမ်းခန့်ထားရာတွင် အချိန်ပြည့်တာ၀န်ယူလုပ်မည့်၀န်ထမ်းမရရှိပါက အချိန်ပိုင်း၀န်ထမ်းများ (နေ့၊ ညအဆိုင်း) ဖြင့်လည်းကောင်း၊ နေစရာစီစဥ်ပေးသည့် နေစားငြိမ်းအဖြစ် ခန့်ထားရသည့်အတွက်စရိတ်စကပိုမြင့်လာသည်။
မန္တလေး မြို့က ဆီစက်လုပ်ငန်းရှင်တစ်ဦးက “၀န်ထမ်းခဏခဏပြောင်းနေတော့ လုပ်ငန်းရှင်ဘက်က စနစ်ကောင်းချဖို့ ပိုခက်လာတယ်။ စနစ်မကျတော့ လုပ်ငန်းတိုးတက်မှုဦးတည်ဖို့က ကိုယ်ထင်ထားတာထက် အချိန်ပိုယူရတာမျိုးတွေဖြစ်လာတယ်”ဟု ပြောသည်။
ယခုလက်ရှိ ပြည်တွင်းအလုပ်သမားစျေးကွက်သည် အထွေထွေလုပ်သားကအစ တစ်လလျှင် အနိမ့်ဆုံးလခ ငွေကျပ် ၂ သိန်းခန့် ရှိလာပြီး လုပ်သားများအနေဖြင့်လည်းငွေကြေးဖောင်းပွခြင်း၊ စားသောက်စရိတ်ကြီးလာခြင်းအပြင်အခြားသော အင်တာနက်၊ ဖုန်းဘေလ်စသည့် အထွေထွေကုန်ကျစရိတ်များ တိုးလာသည့် အတွက် ထိုမျှ၀င်ငွေရှိမှ အလုပ်လုပ်လာသည့် အခြေအနေတစ်ခုသို့ ပြောင်းလဲလာသည်။
လုပ်သားအများစုသည်လည်း နေစရာစီစဥ်ပေးနိုင်သည့်လုပ်ငန်းခွင်ကို ပိုမိုစိတ်၀င်စားလာကြပြီး နေစရာရှိ ပါကရရှိသောလစာနှင့်ကုန်ကျစရိတ်ကို အထိုက်အလျောက်ကာမိနိုင်သည်ဟု တွက်လာကြသည့် အတွက်ဖြစ်သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အထက်မြန်မာပြည်ရှိ မြို့ကြီးများဖြစ်ကြသောမန္တလေး၊ စစ်ကိုင်း၊နေပြည်တော်၊ အင်းလေး၊ တောင်ကြီး တို့မှလူနေအိမ်များအပါအ၀င်အိုးအိမ်အဆောက်အအုံများအကြီးအကျယ်ပျက်စီးကြပြီး စစ်ကောင်စီက မေလ ၁၆ ရက်နေ့အထိ ထုတ်ပြန်ခဲ့သောစာရင်းများအရ သေဆုံးသူ လူဦးရေ လေးထောင် နီးပါးရှိသည်။
ငလျင်ကြီးလှုပ်ခတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းအများစု တစ်လနီးပါး ရပ်ဆိုင်းခဲ့ရသည်။ အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် မဖြစ်မနေအရေးပါသည့်ဆောက်လုပ်ရေးလုပ်ငန်းများရှိကျွမ်းကျင်လုပ်သားများ၏လုပ်အားခများမှာ လည်း အဆမတန်ခုန်တက်သွားခဲ့သည်။
မန္တလေးမြို့ခံဆောက်လုပ်ရေးလုပ်ငန်းရှင်ကိုရဲမင်းအောင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကျွမ်းကျင်အဆင့်အပါအ၀င် ကျပန်းလုပ်သားများ၏ လုပ်အားခများမှာ ယခင်ထက် နှစ်ဆမကမြင့်တက် သွားရုံသာမက အပြိုင်အဆိုင်ဌားရမ်းမှုများကြောင့် လုပ်သားရှားပါးမှုများပါ ကြုံတွေ့နေရသည်ဟု ပြောပြသည်။
ထို့အပြင်ရက်ကြေးဖြင့်ရသည့်လုပ်အားခနှုန်းထက်ရက်တိုတိုဖြင့် အလုပ်ပြီးပါက လုပ်ခများများရနိုင်မည့် “ပုတ်ပြတ်” အလုပ်များကိုသာပိုပြီး ဦးစားပေးလက်ခံလာကြသည်ဟု ဆိုသည်။
●ပြည်ပသို့ ယိုစီးသွားသော လူသားအရင်းအမြစ်များ
စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်ချိန် စစ်ကောင်စီက ပြဌာန်းခဲ့သောပြည်သူစစ်မှုထမ်းဥပဒေသည် ပြည်တွင်းရှိလူငယ်အလုံးအရင်းအား ပြည်ပနိုင်ငံအသီးသီးသို့ ရရာနည်းမျိုးစုံဖြင့် ရုတ်ချည်းပြောင်းရွေ့ ထွက်ပြေးကြရန် တပ်လှန့်သံဆိုလည်း မမှားပေ။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နေကြသော အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ မြန်မာလူငယ်အမျိုးသားများအတွက် နိုင်ငံပြင်ပသို့ထွက်ခွာရန် အဓိကတွန်းအားဖြစ်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်မှစတင်ကာ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံရပ်ခြားသို့ တရား၀င်ဖြစ်စေ၊ တရားမ၀င် ဖြစ်စေ ယခုအချိန်အထိ ထွက်ခွာနေဆဲဖြစ်သည်။
မဇူးဇူး ( အမည်လွှဲ) ကတော့ သူ၏မောင်ဖြစ်သူကို အဒေါ်ဖြစ်သူ ရှိနေသည့်မလေးရှားနိုင်ငံကိုရသည့်နည်းဖြင့် အားချင်းစီစဥ်ပြီး ပို့ခဲ့သည်။
“ဟိုရောက်မှသူ့ဘာသာဘာအလုပ်လုပ်ပါစေ။မိသားစုနဲ့အဝေးမှာဆိုပေမဲ့ အနည်းဆုံးတော့ လုံခြုံရတယ်။ အပြင်ထွက်ရင်း ဘယ်နေ့ပေါ်တာဆွဲခံရမလဲဆိုပြီး ရင်တမမနဲ့ စိတ်ပူနေစရာမလိုတော့ဘူး” ဟု သူက ရင်ဖွင့်သည်။
နိုင်ငံခြားအ၀တ်အထည်ကုမ္ပဏီတစ်ခုတွင် ၁၀ နှစ်နီးပါး အရောင်းအတွေ့အကြုံရှိခဲ့သော မဇူးဇူး၏ တစ်ဦး တည်းသောမောင်ဖြစ်သူသည် စစ်မှုထမ်းအသက်အရွယ်ကန့်သတ်ချက်အတွင်း အကျူံး၀င်နေသည့်အတွက် ပြီးခဲ့သောနှစ်ဆန်းပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းအသက်၀င်ပြီး သုံးလအကြာမှာပဲ မလေးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ပြည်ပထွက်ခွာသွားသောလူငယ်များအား စွဲဆောင်နိုင်ရန် ကြေညာချက်တစ်ခုကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းလောက်က ထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာပါက ၎င်းတို့၏ ကျွမ်းကျင်မှုအပေါ်အခြေခံ၍ အလုပ်အကိုင်ရရှိရေးတွင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
သို့သော်လည်း ပြည်ပသို့ ထွက်ခွာသွားသူအများစုသည်စား၀တ်နေရေး၊ ဘ၀မျှော်လင့်ချက်များအတွက် သာမကစစ်ကောင်စီ၏အတင်းအကြပ်စစ်မှုထမ်းခိုင်းသည့်ဘေးမှ လွတ်မြောက်နိုင်ရေးမှာအဓိကဖြစ်သည်။ထိုကြောင့်၄င်းတို့ တကိုယ်စာလုံခြုံနိုင်ရန် အိမ်နီးချင်းနိုင်ငံများသို့ ရရာနည်းလမ်းများဖြင့် ထွက်ခွာနေကြဆဲဖြစ်သည်။
“ဒီကိုရောက်တော့ အစစအရာရာအဆင်ပြေသွားတာ မဟုတ်သလို နောက်ထပ်မတူညီတဲ့ဒုက္ခတွေ ထပ်တွေ့ရပေမဲ့ စစ်မှုထမ်းအသက်အရွယ်က အကျုံး၀င်နေသေးတဲ့အတွက် မြန်မာပြည်ကိုပြန်ဖို့တော့စိတ်ကူးမရှိဘူး” ဟု ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အသက် (၂၅)နှစ်၀န်းကျင်ရှိ အမည်မဖော်လိုသူ မြန်မာအမျိုးသားတစ်ဦးကဖေ့ဘုတ်မက်ဆင်ဂျာကတဆင့်ပြောသည်။
သူ့အတွက် လက်ရှိအကြီးမားဆုံးအခက်အခဲမှာ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာဆက်လက်ရရှိရေးနှင့် စား၀တ် နေရေးအတွက် အလုပ်ရရှိရန်ဖြစ်သည်။ အကယ်၍ ဗီဇာမရရှိပါက တတိယနိုင်ငံသို့ ဆက်လက် ရွေ့ပြောင်းရန်စဥ်းစားထားပြီး စား၀တ်နေရေးအတွက်အလုပ်အကိုင်မရရှိပါကပြောင်းရွေ့သည့်နိုင်ငံတွင် ရရာကျပန်းအလုပ်၀င်လုပ်ရန်ပင် ဆုံးဖြတ်ထားသည်။
“အခုက ကွန်ပျုတာရှေ့မှာ အေးဆေးအလုပ်လုပ်နေနိုင်ပေမဲ့ တတိယနိုင်ငံရောက်သွားရင် ဆူရှီ၀င်လိပ် ချင်လည်း လိပ်ရမှာဖြစ်သလို စားပွဲ၀င်ထိုးရင်လည်း ထိုးရနိုင်တယ်။ ဒါပေမဲ့ စား၀တ်နေရေးနဲ့ လုံခြုံရေး စိတ်ချရဖို့အတွက် အခြားရွေးစရာရှိမနေဘူး” ဟု ဆိုသည်။
စစ်အာဏာမသိမ်းခင်ကအထိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) တစ်ခုတွင် ခြောက်နှစ်ကျော် သုတေသနအရာရှိအဖြစ် အလုပ်လုပ်ခဲ့သော ၄င်းသည် လက်ရှိ စား၀တ်နေရေးအခက်အခဲကြောင့် အသက်မွေး၀မ်းကြောင်းပုံစံပြောင်း ရနိုင်မည့် အခြေအနေက စိတ်ဖိစီးစေသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့်အခါ နေ့စဥ်စား၀တ်နေရေးအတွက် အလုပ်အကိုင်ရရှိရေးသာမက တရား၀င် နေထိုင်ခွင့်ဗီဇာဖြင့် နေထိုင်နိုင်ရေးကလည်း ထိုင်းရောက် မြန်မာများအတွက် အကြီးမားဆုံး စိန်ခေါ်မှုဆိုလျှင် မမှားပေ။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP) က ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ မတိုးတက် ပါက နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုကို အဟန့်အတားဖြစ်စေနိုင်သည့် လုပ်သားရှားပါးမှု ဆီသို့ ဦးတည်သွားနိုင်သည့် အလားအလာများ ရှိနေနိုင်သည်ဟုသုံးသပ်ထားသည်။
ထို့အပြင်အိမ်နီးချင်းထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ဖြင့် မြန်မာပြည်ပြန်ပို့ခဲ့သည့် လုပ်သားများကို စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကြပ် ခိုင်းစေနေခြင်း၊ အသက်အရွယ် ကန့်သတ်ချက်ဖြင့် ခရီးသွားလာခွင့် ပိတ်ပင်မှုအသစ်များကြောင့် နိုင်ငံတွင်းသို့ ပြန်လာရန် ခက်ခဲလာသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများလည်း စိုးရိမ်နေရသည်ဟုဖော်ပြထားသည်။
ကျွမ်းကျင်လုပ်သားရှားပါးသွားရသည့် အကြောင်းအရာများစွာတွင် အဓိကကျသည့် ဖြစ်စဥ်က “အလုပ်လုပ်မယ်ပြောပြီးခါမှ ကိုယ့်ရပ်ရွာမှာ နေလို့မသင့်လို့ အားချင်းပြောင်းရတာတွေ၊ ယောကျာ်းပြောင်းလို့ မိန်းမလိုက်သွားရတာ၊ မိသားစုလိုက် ပြောင်းရတာမျိုးတွေကြောင့် လုပ်ငန်းတွေက ကျွမ်းကျင်၀န်ထမ်းတွေ ဆုံးရှုံးရတယ်” ဟု ကိုပြည့်က သုံးသပ်သည်။
နိုင်ငံတနိုင်ငံအတွက် လူစွမ်းအားအရင်းအမြစ်အကောင်းဆုံးအသက်အရွယ်က လူငယ်၊ လူလတ်ပိုင်းဖြစ်သည်။ သို့သော် မြန်မာပြည်တွင်းက ထိုအသက်အရွယ်ပိုင်းလုပ်သားများသည် လုံခြုံရေး၊ အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ဘ၀တိုးတက်ဖို့အတွက်အနာဂတ် မရေမရာခြင်းဆိုသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။
ဒါက လုပ်သားရှားပါးမှုကိုဖြစ်စေပြီး နိုင်ငံ၏စီးပွါးရေးဦးမော့လာရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရန်အတွက်လည်း သက်ရောက်မှု ရှိစေခဲ့သည်။ ဒီအဆိုးကျော့သံသရာ ဘယ်အချိန်အထိ လည်ပတ်နေမှာလဲ၊ မေးခွန်းက ရှိနှင့်နေပြီးဖြစ်သည်။
