ကိုလံဘီယာမှာ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသူ တစ်ဦးဟာ မဲဆွယ်စည်းရုံးနေချိန်အတွင်း ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်ခဲ့ပါတယ်။
မြို့တော် ဘိုဂိုတာက ဥယျာဉ်တစ်ခုထဲမှာ အရေအတွက် သိပ်မများတဲ့ လူစုလူဝေးနဲ့ တွေ့ဆုံရင်း စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အသက် ၃၉ နှစ်အရွယ် မီဂွယ်လ် ယူရိုက်ဘ် တာဘေးက တိုက်ခိုက်ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။ သူဟာ သေနတ်ကျည်ဆန် ၃ ချက် ထိမှန်ပြီး ၂ ချက်က ခေါင်းမှာ ဖြစ်ပါတယ်။
ယူရိုက်ဘ်ကို ပစ်ခတ်ခဲ့သူဟာ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးဖြစ်ပြီး အခင်းဖြစ်တဲ့ နေရာမှာတင် ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ယူရိုက်ဘ်ဟာ ဆေးရုံမှာ အသည်းအသန် အသက်လု ကုသမှု ခံယူနေရဆဲဖြစ်ပြီး ဇနီးဖြစ်သူ မာရီယာ ကလော်ဒီယာ တာရာဇိုနာက ယူရိုက်ဘ် အသက်ရှင်ရေး ဝိုင်းဆုတောင်းပေးဖို့ တစ်နိုင်ငံလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement
သူ့ခင်ပွန်းဟာ အခုအခါ အသက်လု ရုန်းကန်နေရကြောင်း၊ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ ကျွမ်းကျင်တဲ့ လက်တွေကို ဘုရားသခင်က စောင်မ ကူညီပေးဖို့ ဆုတောင်းကြောင်းလည်း တာရာဇိုနာက ဆိုပါတယ်။
ယူရိုက်ဘ် ကိုယ်စားပြုတဲ့ စင်ထရို ဒီမိုကရက်တီကို ပါတီက အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦးရဲ့ အသက်ကို လုပ်ကြံရုံသာ မကဘဲ ကိုလံဘီယာရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို ရန်ပြုမှုလည်း ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဖုန်းဗီဒီယိုတွေထဲမှာတော့ ယူရိုက်ဘ်ဟာ မိန့်ခွန်းပြောနေတဲ့အချိန် ခေါင်းကို သေနတ်မှန်သွားပြီး လူတွေက အလန့်တကြား ထွက်ပြေးကုန်တာကို တွေ့ခဲ့ရပါတယ်။ ယူရိုက်ဘ်ဟာ ခေါင်းနဲ့ ဒူးတို့မှာ ကျည်ဆန်တွေ ထိမှန်ခဲ့တာလို့ အရေးပေါ် သွားရောက် ကူညီခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ကိုလံဘီယာ သမ္မတ ဂူစတာဗို ပီထရိုက ဒီတိုက်ခိုက်မှုဟာ လူပုဂ္ဂိုလ် တစ်ဦးတည်းကိုသာ မကဘဲ နိုင်ငံရဲ့ ဒီမိုကရေစီကိုပါ ထိပါးခြင်း ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း သူ့ရဲ့ အစိုးရဟာ ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။
ယူရိုက်ဘ်ဟာ လာမယ့်နှစ် အောက်တိုဘာလမှ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်ကို ကြေညာထားပြီး ဖြစ်ပါတယ်။ သူဟာ ကိုလံဘီယာရဲ့ ထင်ရှားတဲ့ နိုင်ငံရေး မိသားစု တစ်ခုကနေ ဆင်းသက်လာသူ ဖြစ်ပြီး ဖခင်က စီးပွားရေး လုပ်ငန်းရှင် သမဂ္ဂ ခေါင်းဆောင် တစ်ဦးပါ။ သူ့ရဲ့ မိခင်ကတော့ ပက်ဘလို အက်စ်ကိုဘာ ဦးဆောင်တဲ့ မက်ဒလင်း မူးယစ်မှောင်ခိုဂိုဏ်းက ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ သတင်းထောက် ဒိုင်ယာနာ တာဘေးဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေက ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ မစ်ရှင်အတွင်းမှာ ဒိုင်ယာနာ သေဆုံးသွားခဲ့ပါတယ်။
ကိုးကား: BBC
