ကိုဘီဂျီ/People’s Spring
နောင်ချိုမြို့ကစျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို ကံကြီးရွာက ငါးရက်မှာတစ်ကြိမ်ပြုလုပ်တဲ့ စျေးမှာ သွားရောက်ရောင်းချကြတာပါ။
ကံကြီးရွာစျေးနေ့ဆို အနီးအနားကျေးရွာတွေက စျေးဝယ်လာသူတွေ ၊ အလည်အပတ်လာကြသူတွေနဲ့ တိုးဝှေ့စည်ကားတဲ့ စျေးဖြစ်ပါတယ်။
နောင်ချိုမြို့နဲ့ (၈)မိုင်ကျော်ကွာဝေးပြီး ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ လေးထောင်ကျော်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး ဓနုလူမျိုးတွေ အများစုနေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ဒေသခံတွေရဲ့ ဓလေ့အရ ကျေးရွာကြီးတွေမှာ ငါးရက်တစ်ကြိမ် အလှည့်ကျ လုပ်ကြတဲ့ စျေးပတ်ဟာ လူသိများ ထင်ရှားပါတယ်။

Public Service Announcement
ဇွန်လဆန်းမှာတော့ ငါးရက်တစ်ကြိမ်စျေးပတ်လုပ်တဲ့ ကံကြီးရွာမှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေပါတယ်။ ဒါပေမယ့် သေနတ်သံတွေတော့ ဆူညံနေပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့်ပါ။
စစ်ကောင်စီတပ်တွေဟာဇွန်လ ၇ရက်နေ့မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး တဖြေးဖြေး နောင်ချိုမြို့ဆီ ဦးတည်နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့နားမှာ သေနတ်သံတွေပြန်ကြားရပြီး နောင်ချိုမြို့ခံတွေလည်း မြို့ကနေ တစ်ခါထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်ပါတယ်။
ကံကြီးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့ခံတွေကို ဇွန်လ ၆ရက်နောက်ဆုံးထားပြီး မြို့ကနေထွက်ထွက်ခွာဖို့ သတိပေးတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာလည်း ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဇွန်လ ၆ရက်ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။
” ပြေးကုန်ပြီ မြို့မှာမနေရဲတော့ဘူး။လက်နက်ကြီးနဲ့က မှီလာပြီ”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာရှုံးပွဲဆက်နေတဲ့ စစ်တပ်ကိုတောင်းခမ်းမှာ TNLAဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက လပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်နေရာကနေ တဖြည်းဖြည်းဆုတ်ခွာရပြီး မြို့အနီးစစ်ကောင်စီတပ်တွေ ရောက်လာတဲ့အပေါ် နောင်ချိုမြို့ခံတွေက TNLAပူးပေါင်းတပ်အပေါ် မေးခွန်းထုတ်ပြီး အားမလို၊အားမရတွေ ဖြစ်နေပါတယ်။
“လွတ်မြောက်ခဲ့ပြီဆိုပြီး နေခဲ့တာ”လို့ နောင်ချိုမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

●စစ်တပ်နောင်ချိုမြို့အနီးဘာကြောင့်ရောက်လာတာလဲ
နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက စစ်ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်က အမြောက်တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။
တောင်းခမ်းဒေသက အမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှုတွေများခဲ့ပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ၊လေကြောင်းနဲ့ ဒရုန်းကိုအများအပြားအသုံးပြုပြီးထိုးဆင်မှုတွေ တိုးလုပ်လာပါတယ်။ စစ်တပ်ဟာ အဆိပ်ငွေ့ဗုံးတွေကိုလည်းမကြာခဏအသုံးပြုခဲ့ပါတယ် ။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်က ပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာတာလို့ နောင်ချိုမြို့ခံ အမျိုးသားက သုံးသပ်ပါတယ်။မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ပိုလုပ်လာတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နဲ့ ၈ မိုင်လောက်ပဲဝေးတော့တဲ့ကံကြီးရွာအထိ ရောက်လာပါတယ်။
နောင်ချိုမြို့ကို စတင်သိမ်းပိုက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပါဝင်တိုက်ခိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မန္တလေး PDFက နောင်ချိုမြို့ကနေ တပ်ဆုတ်သွားတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
တောင်းခမ်းတိုက်ပွဲကို TNLA ဦးဆောင်ပြီး ဓနုတပ်(DPLA)နဲ့ ကျောက်မဲ PDFတို့ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။နောင်ချိုမြို့ကိုသိမ်းပိုက်ပြီးနောက်TNLAကမြို့အုပ်ချုပ်ရေးဦးဆောင်လုပ်ကိုင်ခဲ့တာပါ ။
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေကက နောင်ချိုအပါအဝင်မြို့ပေါင်း ၁၂ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ဒီဒေသတွေကိုTNLAကပဲဦးဆောင်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။ နောင်ချိုမြို့ကို TNLA ဦးဆောင်ပြီးအုပ်ချုပ်ရေးလုပ်ခဲ့တာမှာ အားလုံးအဆင်ပြေခဲ့တာတော့မဟုတ်ပဲ ဝေဖန်ထောက်ပြမှုအချို့လည်းရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကပြန်ထိုးစစ်ဆင်လာတဲ့အခါမှာလည်း တော်လှန်ရေးတပ်တွေကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ် ။

●နောင်ချိုကို စစ်တပ်ကစစ်ကြောင်း ၂ကြောင်းနဲ့ ထိုးစစ်ဆင်
စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေ စစ်ကြောင်းထိုး အင်အားပို့နေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။
တောင်းခမ်းက စစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် ပြင်ဦးလွင်လမ်းပိုင်းက စစ်ကြောင်းကတော့ ရှေ့မတိုးနိုင်ပဲ အရင်းအတိုင်းပဲ ရှိနေပါသေးတယ် ။ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကတော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။
” စစ်ကားတွေ ဆက်တိုက်တက်နေတာ”လို့ သူက ပြောပါတယ်။
●တရုတ်အစိုးရရဲ့ ဖိအားပေးမှု
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အပြီးမှာတော့တရုတ်အစိုးရဟာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ TNLA တပ်တွေကို ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ ရှမ်းမြောက်က လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAAဆို တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ သင်္ကြန်အပြီးမှာ လားရှိုးမြို့ ဆုတ်ခွာပေးခဲ့ရပါတယ်။
TNLA ကိုလည်း တရုတ်အစိုးရစကားနားမထောင်ပဲ စစ်တပ်ကိုထပ်တိုက်နေရင် ရိုးကျိုးအောင်ဆုံးမမယ်ဆိုပြီး သံတမန်လုံးဝမဆန်ပဲ ခြိမ်းခြောက်တဲ့ ပစ်စာဆန်ဆန်စာကိုပါရေးသားခြိမ်းခြောက်ခဲ့တာပါ။ဒါအပြင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဧပြီလကုန်းပိုင်းမှာ တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှုနဲ့ TNLA ဟာ စစ်ကောင်စီနဲ့တရုတ်နိုင်ငံ ၊ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက နောင်ချိုအပါအဝင် မြို့ ၅ မြို့ပြန်ပေးဖို့တောင်းဆိုတာမှာ TNLA ကသဘောမတူလို့ဆွေးနွေးမှုတွေမှာ အဆင်မပြေခဲ့ဘူးလို့ TNLA ကထုတ်ပြန်ပါတယ်။
၂၀၂၅ ဩဂုတ်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံမှာပြန်တွေ့ဆုံဖို့ ချိန်းဆိုထားကြောင်းလည်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
“တရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပါတယ်။ ဒါမေပဲ့ ကျမတို့ဒီဟာကိုနည်းလမ်းရှာပြီးတော့မှ ရှာဖွေဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ လွေးယေဦးက ဆိုပါတယ်။
တရုတ်အစိုးရက စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ဖို့ ဖိအားပေးနေတာဟာ ဆက်ရှိနေပြီး ဒါကို နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့လည်း လွေးယေဦးက ဇွန်လ ၅ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

●ပူးပေါင်းတိုက်ခိုက်ကြဖို့ နောင်ချိုမြို့ခံတွေ တောင်းဆို
အခုတော့ နောင်ချိုမြို့နဲ့ (၈)မိုင်ကျော်သာကွာဝေးတဲ့ ကံကြီးရွာကို စစ်ကောင်စီတပ်တွေ ရောက်နေပြီဖြစ်ပါတယ်။ ကံကြီးရွာရဲ့ တော်လှန်ရေးတပ်တွေရဲ့ ခံစစ်စည်းကို ကျော်လာရင် နောင်ချိုမြို့ရဲ့ အခြေအနေဟာ စိုးရိမ်ရမယ့်အနေအထားလို့ မြို့ခံတွေကသုံးသပ်နေတာပါ။
လူထုနွေဦးက အတည်မပြုနိုင်ပေမယ့် နောင်ချိုမြို့ကို ထိန်းသိမ်းထားဖို့အတွက် မန္တလေး PDFက စစ်ကူလာဖို့ TNLAထံ ခွင့်ပြုချက်တောင်းထားတယ်လို့ စုံစမ်းသိရပါတယ်။
” မန်းPDFက ကူတိုက်ဖို့ တောင်းထားတယ်ကြားတယ်။ လက်နက်လည်းတောင်းထားတယ်ကြားတယ်။ နောင်ချိုတော့ အပါမခံဘူးလို့ ဆိုတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်တာကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီကလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလိုTNLAပူးပေါင်းတပ်တွေဟာလည်း နောင်ချိုမြို့ ပြန်မပေးရရေးအတွက် ခုခံကာကွယ်နေပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ လက်စွမ်းထက်ပြီး မြို့ပေါင်း ၁၂ မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ TNLA ဟာ နောင်ချိုမှာဘာကြောင့် နောက်ဆုတ်ပေးနေရတာလဲဆိုတာကိုပြည်သူတွေ အားမလိုအားမရဖြစ်နေသလို ၊နားမလည်နိုင်ကြပဲ ဖြစ်နေကြပါတယ် ။ အဲဒီထဲမှာ အစိုးရိမ်ဆုံးဖြစ်နေကြတာက အာဏာလုစစ်ကောင်စီကို ဖီဆန်တော်လှန်ခဲ့ကြတဲ့ပြည်သူတွေက စစ်တပ်သာ နောင်ချိုမြို့ကိုရောက်လာရင်ဆိုတဲ့အတွေးတွေနဲ့ အလွန်စိုးရိမ်နေကြရတယ်လို့ တော်လှန်ရေးကို ပါဝင်ကူညီနေတဲ့ ပြည်သူအချို့ကပြောပါတယ် ။
နိုင်ငံတစ်ဝန်းတိုက်ပွဲအများစုမှာ ရှုံးပွဲဆက်နေတဲ့ စစ်တပ်ဟာတောင်းခမ်း၊နောင်ချိုမှာအောင်ပွဲရတယ်၊စခန်းသိမ်းနိုင်တယ်ဆိုပြီး အောင်ပွဲခံနေတဲ့ ဓါတ်ပုံတွေ ၊ဗီဒီယိုတွေကိုလည်းစစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေမှာဖြန့်ချီနေကြပါတယ်။ဒါကြောင့် ပြည်သူတွေပို မခံချည်မခံသာဖြစ်ရသလို ၊ နိုင်ငံတစ်ဝန်းပတ်ရှုံးနေတဲ့စစ်တပ် နောင်ချိုမှာ အောင်ပွဲရတာ ၊အောင်စိတ်ရတာမျိုးက လုံးဝခွင့်ပြု လက်ခံပေးလို့မရဘူးလို့ PDF အချို့ကပြောပါတယ် ။
TNLA သတင်းနဲ့ပြန်ကြားရေတာဝန်ခံ လွေးယေဦးကတော့ “နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ဇွန် ၅ ရက်နေ့မှာပြောပါတယ် ။
စစ်တပ်အတွက် နောင်ချိုရရင် အဲဒေသကို အခြေပြုပြီး ရှမ်းမြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။နောင်ချိုကနေတဆင့် လားရှိုးမြို့ရှိရာ လမ်းပိုင်းက ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်သလို မန္တလေးတိုင်းက မိုးကုတ်မြို့ရှိရာကိုလည်း နောင်ချိုကနေတဆင့် သွားရာလမ်းပိုင်းရှိနေပါတယ်။
နောင်ချိုဒေသခံတွေ သုံးသပ်တာက စစ်ကောင်စီဟာ နောင်ချိုကနေ တဆင့် ပြင်ဦးလွင် − လားရှိုးလမ်းမကြီးပြန်လည်စိုးမိုးဖို့အတွက် ကျေက်မဲမြို့ကို ချီတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ နောင်ချိုကိုရောက်ဖို့ ၊နောင်ချိုကိုရဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။နောင်ချိုကို ရောက်ဖို့ကြားမှာ ကျေးရွာ လေးရွာကျော်ဖြတ်ရအုံးမှာပါ။
နောင်ချိုမြို့ကို စစ်ကောင်စီတပ် မရောက်ရေး TNLAအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အပြင်းအထန် ကာကွယ်မယ်လို့ ယုံကြည်နေတယ်လို့လည်း အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာမြို့အများကြီးကိုတောင်သိမ်းနိုင်ခဲ့တဲ့ TNLA နောင်ချိုတိုက်ပွဲမှာ အစွမ်းမပြသေးပေမယ့် ယုံကြည်နေဆဲလို့သူကဆိုပါတယ် ။ဒါ့ကြောင့် လက်ရှိအချိန်ထိ နောင်ချိုမြို့ကနေ စွန့်ခွာမသွားသေးဘူးလို့လည်း သူက ဇွန်လ ၇ရက် ညနေပိုင်းမှာ ပြောပါတယ်။
“ရောက်လာခဲ့ရင်တောင် ပြေးစရာရှိတယ်။ ဒါပေမယ့် သူတို့(စစ်တပ်) ကျော်ရမယ့် စည်းတွေ ရှိနေသေးတယ်”လို့ သူက ဖွင့်ဟပါတယ်။ ။
