ဇူလိုင်-၃၀၊၂၀၂၅။လူအေး/People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင်အမျ်ိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားသည့် ကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနာနှင့်လူနာစောင့်အပါအဝင် ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
” ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီးဖွင့်ထားတဲ့ ဆေးရုံပါ။ ဆေးရုံတည့်တည့်ကို ဗုံးနှစ်လုံးကြဲသွားတာပါ”ဟုကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။
ဇူလိုင် ၂၉ရက်ည ၁၁နာရီခန့်က ဗုံးကြဲသွားခြင်းဖြစ်ပြီး ကနဦးရရှိထားသည့်သတင်းများအရ လူနာစောင့်တစ်ဦးနှင့် လူနာလေးဦးသေဆုံးပြီး တစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

Public Service Announcement
စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင်၂၉ရက် နံနက်ပိုင်းကလည်း တအာင်းတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားလေးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင်ဇူလိုင်၂၉ရက်ညနက်ပိုင်းတွင်စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေး ရွာရှိရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အားလေကြောင်းမှ ဗုံးကြဲရာ ရဲစခန်းအချုပ်ခန်းမှပြစ်ဒဏ်ကျ အကျဉ်းသားများအပါအဝင် စစ်ဆေးနေဆဲ သံသယတရားခံ အမျိုးသား၂၁ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး၃၀ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကိုလည်း ယနေ့(ဇူလိုင် ၃၀ရက်) နံနက် အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ခြောက်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း သေဆုံးသူအရပ်သား ၃၈ဦးနှင့် ဒဏ်ရာရသူ ၄၇ဦးထက်မနည်းရှိခဲ့သည်။











































