close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အ​ပြောင်းအလဲ​ကို​စောင့်​ကြိုနေ​သော က​လေးမြို့​နယ်တောင်ပိုင်း

ညနေ မှောင်ရီပျိုးစအချိန်။ကိုယ်ခန္ဒာတွင်သွေးအလိမ်းလိမ်းပေနေသော နွားနှစ်ကောင်က ထမ်းပိုးထမ်းလျက်အနေအထားဖြင့် နတ်ချောင်းရွာထဲသို့ လေးတိလေးကန်ဝင်လာသည်။ သူ့သခင်အိမ်ယာခြံဝင်းရှေ့တည့်တည့်တွင်ပစ်လဲကျသွားသည်။ သခင်ဖြစ်သူအသက် ၆၀ ခန့် လယ်သမားကြီးကတော့ လယ်ယာထဲတွင်ပင် လဲကျသေဆုံးနေခဲ့ပြီဖြစ်သည်။

က​လေးမြို့နယ် ၊နတ်​ချောင်းရွာတွင် ၂၀၂၂ခုနှစ်တွင်အာဇာနည်​​နေ့အခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ညနေ မှောင်ရီပျိုးစအချိန်။ကိုယ်ခန္ဒာတွင်သွေးအလိမ်းလိမ်းပေနေသော နွားနှစ်ကောင်က ထမ်းပိုးထမ်းလျက်အနေအထားဖြင့် နတ်ချောင်းရွာထဲသို့ လေးတိလေးကန်ဝင်လာသည်။ သူ့သခင်အိမ်ယာခြံဝင်းရှေ့တည့်တည့်တွင်ပစ်လဲကျသွားသည်။ သခင်ဖြစ်သူအသက် ၆၀ ခန့် လယ်သမားကြီးကတော့ လယ်ယာထဲတွင်ပင် လဲကျသေဆုံးနေခဲ့ပြီဖြစ်သည်။

ထိုတစ်ချိန်ထဲတွင် အိမ်ခြေထောင်ချီရှိသော နတ်ချောင်းရွာအတွင်း ဒေသခံများအားလုံး အထိတ်တလန့်ဖြစ်နေသည်။သူတို့ဘဝတွင်တစ်ကြိမ်တစ်ခါမျှမကြုံဖူးသောဘေးအန္တရာယ်ကသူတို့ကိုခြိမ်းခြောက်နေသည်။ထိတ်လန့်တုန်လှုပ်နေသည့်နတ်ချောင်းဒေသခံအမျိုးသမီးတစ်ဦးကသူ့ခွေးလေး အောင်နက်ကိုဖက်ထားသည်။မူလက အမြဲတစေ ဆော့ကစားပြီး လူတိုင်းနှင့်တည့်သော ​​အောင်နက်သည်လည်း ထိုနေ့ညနေ့က ပြင်းထန်သည့်ပေါက်ကွဲသံများရဲ့အပြီးတွင် ကြောက်လန့်တုန်လှုပ်နေသည်။သခင်မှလွဲ၍ မည်သူ့ကိုမျှအကပ်မခံတော့သလို ဆော့ကစားခြင်းလည်း မရှိတော့ဘဲ မှိုင်တွေနေတော့သည်။

” သူရူးသွားတာလားလို့ အရမ်း စိတ်ပူခဲ့ရတာ”အောင်နက်၏ သခင်က ပြန်ပြောခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်များသည် လွန်ခဲ့သော ၄နှစ်ကျော်ကာလ ၂၀၂၁ ဒီဇင်ဘာလ ၂၃ရက်နေ့က ကလေးမြို့တောင်ပိုင်း နတ်ချောင်းရွာ၌ ဖြစ်ခဲ့သည်။ထိုနေ့ညနေမှောင်ရီပျိုးစအချိန်တွင် စစ်​ကောင်စီက နတ်ချောင်းရွာကိုလေကြောင်းမှဗုံးကြဲပြီးစက်သေနတ်ဖြင့် ပတ်ချာလည်ပစ်ခဲ့သည်။ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး တစ်နယ်လုံး ကမ္ဘာပျက်သလိုအုတ်အော်သောင်းနင်းခြင်းဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့မှနတ်ချောင်း၊နတ်မြောင်းအပါအဝင်ကလေးမြို့တောင်ပိုင်းကျေးရွာများတွင်တိုက်ပွဲများဆက်ဖြစ်ခဲ့သည်။

စစ်အာဏာရှင်အားဖြုတ်ချရေးအတွက် လူထုတော်လှန်ရေးကာလအစတွင် အရှိန်ပြင်းပြင်းနှင့်အုံကြွမှုကောင်းခဲ့သည့် ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီက အင်အားသုံး​ချေမှုန်းရန်ကြိုးစားခဲ့သည်။ စစ်ကြောင်းများဖြန့်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ PDFကို စိန်ခေါ်၍ ဆဲရေးတိုင်းထွာခဲ့ကြသည်။ နတ်ချောင်းရွာလမ်းမပေါ်တွင် PDFများအားဆဲဆိုသည့်စာသားများကို မှုတ်ဆေးဗူးဖြင့်ရေးပြီး အကျည်းတန်စေခဲ့သည်။ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကိုပါမချန် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အမျိုးသမီးအချို့ကို အဓမ္မပြုကျင့်ခဲ့ကြသည်။

ထိုငရဲခန်းကိုဒေသခံများနှင့်တော်လှန်ရေးအင်အားစုများကကြံ့ကြံ့ခံခဲ့ကြပြီး၂၀၂၂ နှစ်လယ်ပိုင်းတွင်ကလေးမြို့တောင်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူအုပ်ချုပ်ရေးအဖွဲ့များ စတင်ဖွဲ့စည်းနိုင်ခဲ့သည့်ဒေသများတွင် ကလေးမြို့တောင်ပိုင်းပါဝင်ခဲ့သည်။ကျေးရွာ ၅၂ရွာရှိသည့်အနက် ၄၉ ရွာ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သည့်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)များဖွဲ့စည်းနိုင်ခဲ့သည်။

ပအဖ များ အစောဆုံးဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အုပ်ချုပ်ရေးယန္တရားလည်ပတ်နေခဲ့သော ကလေးမြို့တောင်ပိုင်းတွင်

ယခုအခါ ​​တော်လှန်​ရေးအတွက် စိန်​ခေါ်မှုတစ်ခုရင်ဆိုင်​နေကြရသည်။ တော်လှန်ရေးအရှိန်မြှင့်နိုင်ရေးအတွက်ယခုအခါ ဒေသခံများက ပြုပြင်ပြောင်းလဲရေးက်ိုလိုလားနေကြပြီဖြစ်သည်။ငရဲပွက်ခဲ့သည့် ထိုအဖြစ်အပျက်များကို ၄ နှစ်ကျော်ကာလအတွင်း ယခုနောက်တစ်ကြိမ်ပြန်ပြောရင်း အနာဂတ်အတွက်မျှော်လင့်ချက်ကိုပုံဖော်ရန် ဒေသခံများက စိုင်းပြင်းနေကြသည်။

ဒေသတွင်းအုပ်ချုပ်ရေးယန္တရားပိုမိုစနစ်ကျလာစေရေး၊ ထိန်းချုပ်ဒေသပီပီပြင်ပြင်ဖြစ်လာရေး၊ တစ်မြို့နယ်လုံးအတိုင်းတာအားဖြင့်လွတ်မြောက်ရေးတို့အတွက် မြိုနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို မဖြစ်မနေပြုပြင်ပြောင်းလဲပြီး ပအဖခေါင်းဆောင်ကို ဖယ်ရှားပေးရန် ၄၉ ရွာမှ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန(MOHAI)ထံတိုင်ကြားခဲ့သည်။ ကလေးမြို့နယ် ပအဖခေါင်းဆောင်သည် မြေပြင်လုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ကာလဒေသနှင့်ကိုက်ညီအောင်လုပ်ဆောင်နိုင်သောစွမ်းဆောင်ရည်အားနည်းခြင်း၊ ရပ်ကျေးလူထု၏ယုံကြည်လက်ခံမှုအားနည်းခြင်းတို့ကြောင့်တော်လှန်ရေးအရွေ့နှောင့်နှေးစေသည်ဟု တိုင်ကြားစာတွင်​ရေးသားထားသည်။

ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်မှာ ဦးလူလေးဖြစ်သည်။ ဦးလူလေးသည် တော်လှန်ရေးကာလအစက ကလေးခရိုင်PDF တပ်ရင်း(၄) ထူထောင်သူထဲမှ တစ်ဦးဖြစ်သည်။၂၀၂၂ ခုနှစ်ထဲတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီးနောက် ယင်းတာဝန်အား ဦးလူလေးကိုထမ်းဆောင်စေခဲ့သည်။

တော်လှန်ရေးအရှိန်မြှင့်ရန်လိုအပ်နေသည့် နိုင်ငံရေးမိုးထဲလေထဲကာလတွင် ဦးလူလေးကဲ့သို့ အလုပ်မဖြစ်သော ပအဖခေါင်းဆောင်မျိုးမရှိသင့်တော့ကြောင်း ကလေးမြို့နယ်တောင်ပိုင်းမှ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများကပြောသည်။

“ဦးလူလေး ဆက်ရှိနေရင် ကလေးနယ်က တိုးတက်မှုလည်းမရှိဘူး။ အုပ်ချုပ်ရေးပျက်လိမ့်မယ်။အခုကြားကာလက နောက်တက်လာမယ့် အစိုးရတစ်ရပ်ကို အခြေခံပေးမယ့် ဖောင်ဒေးရှင်းဖြစ်ဖို့လိုတာမို့ တိုးတက်မှုရချင်တယ်။ စီမံအုပ်ချုပ်မှုကောင်းတဲ့ ပုဂ္ဂိုလ်ကိုပဲ ကျတော်တို့ရချင်တယ် “ဟုရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံတစ်ဦးကပြောသည်။

ဦးလူလေး အနေဖြင့်ရာထူးမှဆင်းပေးပြီးဒေသခံများလိုလားသည့် သမာသမတ်ရှိသူကို အစားထိုးပေးရန် ဆွေးနွေးညှိနှိုင်းမှုများရှိခဲ့သော်လည်း ၎င်းကခါးခါးသီးသီးငြင်းဆန်ခဲ့၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တရားပြဿနာသည် ပေါက်ကွဲတော့မည့်မီးတောင်တစ်လုံးလိုဖြစ်နေပြီဟု ​ဒေသခံအချို့က ဆိုသည်။ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံများသည် အစည်းအဝေးအကြိမ်ကြိမ်ထိုင်ခဲ့ပြီး ဦးလူလေးနှင့်လည်း မျက်နှာချင်းဆိုင်‌တွေ့ဆုံကာ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဦးလူလေးကလည်း သူမနှုတ်ထွက်နိုင်ကြောင်းနှင့် ဝန်ကြီးဌာနသို့ တိုင်လိုကတိုင်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ကလေးမြို့တောင်ပိုင်းမှ ဒေသခံများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဦးလူလေးအားအတွေ့မခံတော့သလို ဒေသတွင်းအုပ်ချုပ်ရေးယန္တရားပျက်စီးစပြုနေပြီဟု ဒေသခံများကပြောသည်။

“မြို့နယ်ပအဖ‌ခေါင်းဆောင်ကိုအသိအမှတ်မပြုတော့ဘဲကိုယ့်ရွာနဲ့ကိုယ်သီးခြားနေကြတော့တရားဥပဒေစိုးမိုးရေးပြိုကွဲသွားတော့မယ်။တစ်ပေါင်းတစ်စည်းတည်း ရှိနေတာက ပျက်စီးတော့မယ်” ဟု လက်ရှိအခြေအနေကို စိုးရိမ်နေသည့် ဒေသခံတစ်ဦးကပြောသည်။

မကြာသေးမီက ကလေးမြို့နယ်တောင်ပိုင်းမှ ရွာနှစ်ရွာတွင် လှေဆိပ်ကူးတို့ပြဿနာတက်ရာ ဦးလူလေးအား ကြားဝင်ညှိနှိုင်းခွင့် မပေးခဲ့ကြပေ။

“လက်ရှိအုပ်ချုပ်ရေးမှူးကို အသိအမှတ်မပြုကြတဲ့အခါသူတို့နည်းသူတို့ဟန်နဲ့ရှင်းလင်းကြတော့မယ်။ မကြာခင် ဒုတ်ဆွဲ၊ ဓားဆွဲတွေဖြစ်တော့မယ်။ ဦးလူ‌ လေးကိုလည်း သူတို့ရဲ့အုပ်ချုပ်ရေးမှူးအဖြစ်မရှုမြင်တော့ဘူး။ရွာတွေကအစိပ်စိပ် အမွှာမွှာကွဲနေပြီးယခင်ပုံစံကျပြီးသားအုပ်ချုပ်ရေးယန္တရားက ပျက်တော့မယ့်အခြေအနေရှိတယ်”ဟု ဒေသခံတဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့တောင်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်းစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုရှိနေသည်။ထို့အပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ပျူစောထီးရွာအချို့နှင့်လည်းတစ်မိုင်ခန့်သာဝေးပြီးအဆိုပါ ပျူရွာများ၏ ခြိမ်းခြောက်မှုကို ဒေသခံများက ရင်ဆိုင်နေကြရသည်။

ပျူရွာမှ ထွက်ပြေးလာသူများအတွက်ကယ်ဆယ်ရေးစခန်းဖွင့်ပေးမည်ဟု ဦးလူလေးကပြောခဲ့သော်လည်း မလုပ်ပေးဘဲ လုံခြုံရေးအခြေအနေအရ စိုးရိမ်နေကြရသည်ဟုဒေသခံများက‌ပြောသည်။

ထိုအခြေအနေတွင် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ‌ထိရောက်စွာလည်ပတ်ရေးနှင့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုလျော့ပါးစေရေးအတွက်ဒေသခံများက လိုလားနေသည်။

“သူက ပြည်ထောင်စုနဲ့အဆင်ပြေအောင်နေတယ်။ အောက်ခြေကို ကွင်းမဆင်းဘူး။ အရွေ့က တအားနှေးနေတယ်” ဟု ရပ်ကျေးပအဖတာဝန်ခံတစ်ဦးကပြောသည်။

ဦးလူလေးနှုတ်ထွက်ပေးရေးတောင်းဆိုမှုနှင့်ပတ်သက်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးလေးဦး၊ ‌ဒေသခံငါးဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးတို့ကို လူထုနွဦး- People’s Spring က မေးမြန်းခဲ့သည်။ ဦးလူလေး၏ စွမ်းဆောင်နိုင်စွမ်းအား ဒေသခံများက ယုံကြည်မှုနည်းပါးနေကြပြီဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက‌ပြောသည်။

“ကျတော်တို့ ဒေသက တိုင်းရင်းသားပေါင်းစုံရှိတယ်။ တော်လှန်ရေးအဖွဲ့တွေအများကြီး ရှိတယ်။ ဒီတပ်ရင်းတပ်ဖွဲ့တွေကို စုစည်းနိုင်ဖို့ ဦးလူလေးနဲ့ တိုင်ပင်ပေမယ့်လျစ်လျူရှုနေတယ်။သူကအလုပ်မလုပ်ဘူးဖြစ်နေတယ်”ဟုအဆိုပါရဲဘော်ကပြောသည်

ဦးလူလေးအား ရာထူးမှလွှဲပြောင်းရန်တောင်းဆိုမှုသည် ပုဂ္ဂိုလ်ရေးနှင့် မသက်ဆိုင်ဘဲ တော်လှန်ရေးကာလကြာရှည်လာသည်နှင့်အမျှ လူထုသည် စားဝတ်နေရေး ဝန်ပိလာကြောင်း၊ ပအဖထိန်းချုပ်ဒေသများတွင် ယခုထက်ပို၍ အလုပ်လုပ်နိုင်သူလိုအပ်နေ၍ဖြစ်ကြောင်း ကလေးမြို့တောင်ပိုင်းမှ အမျိုးသမီးတစ်ဦးကပြောသည်။

“ပြည်သူနဲ့ တစ်သားတည်းရှိပြီး ကြည့်ရှုစောင့်မနိုင်တဲ့ ခေါင်းဆောင်မျိုးရချင်ပါတယ်။ ပြည်သူတွေ ပန်းတာမျိုး၊ တော်လှန်ရေးရဲဘော်တွေ ပန်းတာမျိုးမလိုချင်တော့ပါဘူး”ဟုသူကဆက်ပြောသည်။

စစ်ကောင်စီလက်နက်ကြီး နှင့် လေကြောင်းအန္တရာယ်၊ ဖြတ်လေးဖြတ် ဖြတ်တောက်ခြင်းများ ခံနေရ၍ကုန်ဈေးနှုန်းကြီးမားသည့်ပြဿနာများရှည်ကြာလာပါကပအဖ၏စီမံခန့်ခွဲမှုသည် စစ်ကောင်စီနှင့် မထူးဟု ဒေသခံများက ယူဆလာမည်ကို စိုးရိမ်သူများလည်းရှိနေသည်။

“ဒီတ်ိုင်းဆက်သွားရင်စကစရဲ့ စိုးမိုးတာ ပြန်ခံရနိုင်တယ်။ပြည်သူကစကစကို ပြန်ရွေးချယ်သွားရင် စိုးမိုးနယ်မြေ ပြန်ပေးရမှာကို စိုးရိမ်တယ်” ဟုPDF တဦးကသူ၏ ပူပန်မှုကိုပြောသည်။

ဦးလူလေးအား ရာထူးမှနှုတ်ထွက်ပေးရေးတိုင်တန်းမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေး‌နေပြီဖြစ်သည်။ တိုင်ကြားခံရပြီးနောက် ဒေါသဖြစ်နေသည့်ဦးလူအေးက စစ်အုပ်ချုပ်ရေးကြေညာပစ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်ဟု ကလေးမြို့တောင်ပိုင်းဒေသခံတစ်ဦးကဆိုသည်။ ၎င်းအပေါ်စွပ်စွဲချက်များနှင့် ဖြစ်သမျှအကြောင်းစုံကို မေးမြန်းရန် ဦးလူလေးအား People’s Spring ကဆက်သွယ်ရန်ကြိုးစား​နေသော်လည်း ဆက်သွယ်မရ​သေးပေ။

ယခုလပိုင်းအတွင်း ​တော်လှန်​ရေးကို အရှိန်ပိုမြှင့်နိုင်ရန် ၊စွမ်း​ဆောင်ရည် ပိုမိုထက်မြတ်လာ​စေရန်အမျိုးသားညီညွတ်​ရေးအစိုးရကိုပင် ပြုပြင်​ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းမှုများပိုကျယ်​လောင်လာသည်။NUGဝန်ကြီးအချို့ကလည်း ပြုပြင်​ပြောင်းလဲမှုများပြုလုပ်​တော့မည်ဟု မီဒီယာ အချို့ကို​ဖြေကြားထားသည်။

က​လေးမြို့နယ်​တောင်ပိုင်းတွင် ပအဖ တာဝန်ခံကို ပြောင်းလဲ​ပေးရန် ရပ်​ကျေးပအဖ တာဝန်ခံများ​တောင်းဆိုထားမှုနှင့်ပတ်သက်၍ NUG မှတာဝန်ရှိသူတစ်ဦးကို​မေးမြန်းရာ ဌာနတွင်းစစ်​ဆေးမှုပြုလုပ်​နေသည်ဟုသိရကြောင်း​ပြောသည်။

ကလေးမြို့တောင်ပိုင်းရှိ တိုင်းရင်းသားကျေးရွာတစ်ခုမှ ရပ်ကျေးပအဖတာဝန်ခံတစ်ဦးက ” ကျတော်တို့ ကလေးတောင်ပိုင်းက တပ်ရင်း၊တပ်ဖွဲ့တွေများတယ်။အမှန်တကယ်ဦးဆောင်နိုင်သူကနေစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဒီခရီးကို ဆက်ဖို့ လိုပါတယ်။ ဒါက အရေးကြီးဆုံးပါ”ဟုသုံးသပ်သည်။

ဆောင်းပါးအစတွင်ဖော်ပြခဲ့သည့် ကလေးမြို့တောင်ပိုင်း အစောဆုံးလေကြောင်းတိုက်ခိုက်ခံရမှု၌ စိတ်ဒဏ်ရာအကြီးအကျယ်ရရှိသွားသည့် အောင်နက်မှာမူ လက်ရှိ ပြဿနာများကို မသိရှိနိုင်ပေ။ အောက်နက်သည် လေကြောင်းတိုက်ခိုက်ခံရမှုအလွန်၌ ရွာအနီးရှိတောင်ယာတွင်စစ်ဘေးရှောင်ရင်း ရွာသို့ ဘယ်တော့မှပြန်မလိုက်လာတော့​သော​ကြောင့်ဖြစ်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် ၂၀ဦးသေဆုံး၊ လက်နက် ၈လက်ရဟု CDF KKG ပြော

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၁၀နာရီမိနစ် ၂၀ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Facebook