close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြဲနေတဲ့ ဝေဟင်ဗုံးတွေထုတ်လုပ်ဖို့ တရုတ်အစိုးရပိုင်ကုမ္ပဏီကူညီနေကြောင်း SAC-M ဖော်ထုတ်

မြန်မာနိုင်ငံအလယ်ပိုင်းရှိ လက်နက်တွေထုတ်လုပ်တဲ့ လျှို့ဝှက်စက်ရုံတစ်ခုမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်ကို ဝေဟင်ဗုံးတွေ ထုတ်လုပ်နိုင်ဖို့ ကူညီပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

စစ်တပ်ရဲ့​​ဝေဟင်ဗုံး​တွေကို ​လေယာဥ်နဲ့သယ်​ဆောင်စဥ် ။ဓါတ်ပုံ -MDSI

ဇူလိုင်-၁၇၊၂၀၂၅။လီလီယန်/ People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်းရှိ လက်နက်တွေထုတ်လုပ်တဲ့ လျှို့ဝှက်စက်ရုံတစ်ခုမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်ကို ဝေဟင်ဗုံးတွေ ထုတ်လုပ်နိုင်ဖို့ ကူညီပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂထိပ်တန်းအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ SAC-M ဟာ ‘မရဏစက်ရုံ-မြန်မာစစ်တပ်ရဲ့ဝေဟင်ဗုံးတွေထုတ်လုပ်ရေးအတွက် တရုတ်ရဲ့ပံ့ပိုးကူညီမှု’ဆိုတဲ့ စုံစမ်းထောက်လှမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံသစ်ကို မနေ့က(ဇူလိုင် ၁၆ရက်မှာ)ထုတ်ပြန်လိုက်ပြီး အဲဒီအစီရင်ခံစာသစ်မှာ တရုတ်အစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ China South Industries Group Corporation(China South)က မြန်မာစစ်တပ်ကို ဘယ်လိုထောက်ပံ့ကူညီပေးနေသလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။

အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်ရာမှာအမှတ်-၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁)ကနေထုတ်လုပ်တဲ့ ဝေဟင်ဗုံးတွေကို စစ်ကောင်စီလေတပ်ကအရေအတွက်အများအပြားအသုံးပြုနေပြီး အဲဒီတိုက်ခိုက်မှုတွေဟာ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေရဲ့အတိုင်းအတာကိုပြည့်မီစေတယ်လို့ SAC-M ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကပစ-၂၁ ကဝေဟင်ဗုံးတွေထုတ်လုပ်ခြင်းနဲ့ ထိန်းသိမ်းခြင်း လုပ်ငန်းစဥ်တွေမှာ အထက်ပါတရုတ်အစိုးရပိုင်လက်နက်ကုမ္ပဏီက မရှိမဖြစ်အရေးပါနေပါတယ်။ ကပစ-၂၁ ဟာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(OCDI)လက်အောက်မှာ လုပ်ငန်းလည်ပတ်ပါတယ်။

“China South က အစိုးရပိုင်ကုမ္ပဏီဖြစ်ပါတယ်။ ဒါက တရုတ်အစိုးရပဲလို့ အဖြေထွက်ပါတယ်”လို့ SAC-M ပူးတွဲတည်ထောင်သူ ကုလသမဂ္ဂစုံစမ်းအရာရှိဟောင်း ရန်ဟီလီးက ပြောပါတယ်။

ဆက်လက်ပြီး သူမက “ဝေဟင်ဗုံးတွေနဲ့ OCDI ကို နည်းပညာဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးတာက China South အနေနဲ့ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ချိုးဖောက်မှုတွေမှာ ကြံရာပါ ဖြစ်ပါတယ်။ တရုတ်အနေ နဲ့ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်ရေးအတွက် ပံ့ပိုးကူညီမှုအားလုံးကို ချက်ချင်း ရပ်တန့်ရပါမယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းချိန်ကစလို့ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လက်အောက်မှာ ကြီးကြီးမားမား အရှုံးတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါကြောင့်ပဲ စစ်တပ်ရဲ့ လေတပ်ဟာ လူနေထူထပ်ရာဒေသတွေ၊ လူစုလူဝေးစျေးတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ SAC-M အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုအတွက် တရုတ်နိုင်ငံရဲ့လက်နက်တွေ၊ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေက ပံ့ပိုးကူညီပေးနေတာလို့ SAC-M က ဆိုပါတယ်။

ကပစ-၂၁ ဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းမှာ တည်ရှိပြီး စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲနိုင်ဖို့အတွက် ဝေဟင်ဗုံးတွေကို အဓိက ထုတ်လုပ်ပါတယ်။ နောက်ပြီး ကပစ-၂၁ မှာပဲ FAE ဗုံးတွေနဲ့ ပြည်တွင်းထုတ် ကလက်စတာဗုံးတွေ အပါအဝင်အထူးထုတ်လုပ်တဲ့ဗုံးတွေနဲ့ ဘက်စုံသုံး ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံး အမျိုးမျိုးကိုလည်း ထုတ်လုပ်ပါတယ်။

SAC-M က ရရှိထားတဲ့ ဓာတ်ပုံနဲ့ သက်သေအထောက်အထားတွေအရ ကပစ-၂၁ အနေနဲ့ ဝေဟင်ဗုံးတွေ တပ်ဆင်၊ ထုတ်လုပ်ရေးတွေအတွက် တရုတ်အစိုးရပိုင် China South ရဲ့ ကုမ္ပဏီခွဲ Hunan Vanguard က အဓိက ပံ့ပိုးကူညီနေခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မြန်မာပြည်သူတွေ တရုတ်ကို မြင်တဲ့အခါ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အင်အားတစ်ခုအဖြစ် မြင်လိုကြပါတယ်။ဒါပေမဲ့အဲဒီအစား သူတို့တတွေ ဒုက္ခခံစားနေကြရခြင်းရဲ့စပွန်ဆာကြီးအဖြစ် မြင်ကြပါတယ်။ သူတို့ရပ်ရွာကို ကြဲချလိုက်တဲ့ ဗုံးတွေဟာတရုတ်အကူအညီနဲ့ ကပစ-၂၁မှာထုတ်လုပ်ပါတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းပြီး ဒီပဋိပက္ခကြီး ပြီးဆုံးသွားတဲ့အခါ ဒီလိုရက်စက်ကြမ်းကြုမ်းတဲ့ အမှတ်ရစရာတွေဟာ မြန်မာပြည်သူတွေနဲ့အတူ ကျန်ရစ်မှာပါ။ ဒါဟာ မြန်မာပြည်မှာ တရုတ်ချန်ထားရစ်ခဲ့ချင်တဲ့အမွေအနှစ်လား” လို့ SAC-M အရာရှိ မာဇူကီဒါရူစမန်က ပြောပါတယ်။

SAC-M အရာရှိ ခရစ်စီဒိုတီကလည်း တရုတ်နိုင်ငံရဲ့ပံ့ပိုးကူညီမှုဟာစစ်ကောင်စီကိုကူညီနိုင်မှာမဟုတ်ဘဲ မြန်မာပြည်အနာဂတ်မှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုပါက စစ်ခေါင်းဆောင် မင်းအောင်လှိုင် နောက်ထပ်ဗုံးတစ်လုံးမျှ ထပ်ကြဲမချအောင် တရုတ်ရဲ့သြဇာရှိမှုကို အသုံးပြုရမယ်လို့ တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီမြစ်ကြောင်းမှ စစ်ရေယာဉ်အုပ်စု ဝက်လက်မြို့နယ်အတွင်းရောက်လာချိန်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။

သတင်း

နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ (ဇူလိုင် ၁၆ ရက်) တောင်းဆိုသည်။

သတင်း

မြို့နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ဒေသ မိုင်းငေါ့မြို့နယ်ခွဲကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းကျွန်းလှမြို့ကိုစစ်ကောင်စီက ယ‌နေ့ ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲသွားသည်။